Monday, September 28, 2009

အလွမ်းပြဇာတ်

တိတ်တိတ်လေး ခိုးကြည့်နေခဲ့ရတာ
ကြာတော့လည်း
ကိုယ့်မျက်နှာပေါ်က လက်ချောင်းတွေကို
ခွာချလိုက်ချင်တယ်
(မပွင့်ဘဲ ကြွေသွားတဲ့ ပန်းတစ်ပွင့်
အဝေးကြီး အနှင်ခံလိုက်ရပြီးတဲ့နောက်.....)
ခဏလေး စိုပြီး အကြာကြီး ခြောက်သွေ့သွားတဲ့
မြေနီလမ်းလေး....
ရွက်ဖျားတွေပေါ် ဖုန်အလိမ်းလိမ်းတင်လို့
မိုးသားတွေ မြင်တိုင်းလည်း
ရွာမယ်လို့မှ အသေအချာ မပြောနိုင်တာ
ချောင်အကျဆုံး ထိုးသိပ်ထည့်ခံထားရတဲ့
မင်း ပြောခဲ့တဲ့ သံယောဇဉ်ဆိုတဲ့ လမ်းကျဉ်းလေး
သူလည်းပဲ လက်မှိုင်ချ ဆွေးမြေ့သွားလောက်ပြီပေါ့....။

ရေချမ်း

(သရဖူမဂ္ဂဇင်း အမှတ် ၃၆၊ အောက်တိုဘာလ ၂၀၀၀)

1 comment:

  1. အလွမ်းပြဇာတ်လေးက ဖတ်လိုက်တာနဲ့တကယ်ကို လွမ်းစရာကောင်းလိုက်တာဗျာ

    ReplyDelete