မီးပွိုင့်တွေ နီတယ်၊
စိမ်းတယ် ၊ ၀ါတယ် ။
လမ်းမီးလေးတွေ မှုန်ပျပျနဲ့
မုန့်ဟင်းခါးအလွတ် တစ်ပွဲ ၅၀၀ ဖြစ်သွားတယ်...။
မြို့လည်ခေါင်က တိုက်တွေ ပိုဟောင်းလာတယ်
တည်းခိုခန်းတွေ များလာတယ်၊
ဘက်စ်ကားခတွေ ဈေးတက်သွားတယ်
ရေသန့် တစ်ဗူး ၃၀၀ ဖြစ်သွားတယ်
နီကိုရဲ သေသွားတယ်၊
သြော်...
အရင်အတိုင်းပဲ နင့်ကို ချစ်တယ်။
လဘ္ဘက်ရည် ပေါ့ဆိမ့်သောက်ပြီး
ရိုးရိုးတစ်ခွက်ကို ဘေးမှာထားတယ်
အဲဒီလို ကဗျာမဆန်တဆန်
နင့်ကို ငါလွမ်းတယ်။
မြေနီလမ်းမှာမှ ကြွေခဲ့တဲ့
ခရေပန်းတွေမရှိတော့ပေမယ့်
နင်ရှိခဲ့တဲ့ နေရာလေးမှာ
ငါတစ်ညနေလုံး ထိုင်ပြီး ငိုင်တယ်..
အလင်းပြပြနဲ့ မိုးရွာတဲ့ မနက်မှာ
နင်ထွက်သွားတော့
ငါ့မျက်နှာတစ်ခုလုံး ရွဲရွဲစိုအောင်သည်းတဲ့မိုးရယ်၊
စကားလေးတစ်ခုရယ် ရှိုက်သံသဲ့သဲ့ရယ်၊
ဒါပါပဲ နင့်ကို သိပ်ချစ်တယ်...။
မျှော်လင့်ချက်တွေ နင်းခြေခံရတဲ့နေ့
အဲဒီနေ့က မန်ယူရှုံးသွားတယ်...
ဂစ်တာကြိုးလေးလည်း ဖရိုဖရဲ၊
ကြယ်လေးတွေ ဟိုတစ်စ ဒီတစ်စနဲ့
လမ်းမကြီးဘေးမှာ....
အူကြောင်ကြောင်နဲ့ နင့်အကြောင်းခေါင်းစဉ်များစွာ
တွေးတယ်....။
အင်ယားကန်ဘောင်မှာ လူပိုစည်လာတယ်၊
ခြင်တွေကိုက်တယ်၊
ကောင်မလေးတွေ လှတယ်၊
ကောင်လေးတွေ ဂစ်တာတီးတယ်၊
တချို့ တလေ မူးကြတယ်၊
တခါတလေ ရူးကြတယ်၊
ငါကတော့ 'ပြန်မဆုံဖြစ်ကြရင်' ဆိုတဲ့သီချင်းကို
အပြုံးတ၀က်နဲ့ ဘေးကထိုင် ညည်းတယ်..။
တစ်ချက်တစ်ချက်ပေါ်လာတတ်တဲ့ အနီရဲရဲသွားတွေရယ်၊
ပါးချိုင့်လေးရယ်၊
လမ်းကူးတိုင်း ကမ်းတဲ့လက်တွေရယ်၊
တောင်ပြော မြောက်ပြောပေမယ့်
ခပ်ပြင်းပြင်း ရင်ခုန်စေတဲ့ စကားတစ်ချို့ရယ်၊
ရောင်စုံမီးတွေနဲ့လှတဲ့ ညရယ်၊
မောင်မောင်ဇော်လတ် သီချင်းရယ်၊
အညိုရောင်သန်းတယ်ဆိုတဲ့ ဗိုလ်တစ်ထောင်ကမ်းနားရယ်၊
အိမ်ပြန်ချိန် ပဋိပက္ခတွေရယ်...
အ ရာ အား လုံး တိတ် ဆိတ် ငြိမ် သက် စွာ ….
plain ကြီးကို ဇွန်းတပ် ခပ်ပြတ်ပြတ်ပဲ နင့်ကို လွမ်း တယ်....။
ဒါအကုန်ပဲလား (နေမျိုး)
3 weeks ago


