Monday, August 31, 2009

အိပ်မက်..


ကျမက ရင်းနှီးသလိုလိုရှိတဲ့ အဲဒီလမ်းပေါ်မှာ ယောင်လည်လည်နဲ့..... လမ်းက ကြမ်းပေမယ့် ဘာခလုပ်မှမထိတာ အံသြစရာ...။ ချစ်စွာသော ထင်းရူးပင်ကြီးကတော့ ကျမကို မှတ်မိသယောင်ယောင်...။ တိုးဝင်လာတဲ့လေအေးအေးတွေကို အားပါးတရ နှစ်ခြိုက်စွာရှုရှိုက်မိတယ်....ပြီးတော့... ကျမနှုတ်ခမ်းမှာ အပြုံးတချို့...။ ရင်ထဲက ၃ နှစ်ကြာ မွန်းကျပ်နာကျင်မှုတွေ ....အငွေ့ပျံသွားတယ်။ ဟိုးခပ်လှမ်းလှမ်းဆီမှာ ကျမအိမ်၊ တံစက်မြိတ်လေးကို လှမ်းမြင်နေရပြီလေ...။ လမ်းတစ်လျှောက် ဆီးကြိုနေတဲ့ ခရေပွင့်လေးတွေကို တယုတယကောက်လိုက်တယ်။ ဒါက အဖွားသိပ်ချစ်တဲ့ ခရေတွေပေါ့..။ ပြီးတော့ အရှေ့နားက စံပယ်ရုံမှာ အဖွားရယ်လေ တပတ်လျှိုဆံထုံးနဲ့ ပြုံးနေလေရဲ့...။ ဟော...ခုန်ပေါက်ပြီးပြေးလာပါပြီ ကျမသိပ်ချစ်တဲ့ ခွေးလေးတွေ...၊ သူတို့ လွမ်းတာ ကျမသိပ်သိတာပေါ့ကွယ်...။ အိမ်ရှေ့မှာတော့ ကျမရဲ့ စာအုပ်စင်လေးက လှပ မှိုင်ရီစွာ.....ပျော်ပျော်နေတော့ကွယ်... ကျမ ဘယ်မှ ထွက်မပြေးတော့ဘူးလေ..၊ သစ်သား ဆက်တီလေးတွေကလည်း မပြောင်မယောင်နဲ့ပြောတယ်... "မင်းသူငယ်ချင်းမလေးတွေ မလာတာ ကြာပြီတဲ့လေ"...၊နောက်ဖေး ပုဂံစင်က ကော်ဖီခွက်အပြာလေးကတော့ အက်ကွဲတုန်ရီစွာ ငေး....ကျမ အခန်းလေးကတော့ ၀င်ဝင်ချင်းမှာပဲ ဆည်းလည်းသံလေးတွေနဲ့ နှုတ်ဆက်တယ်...ဒီတစ်ခါ သွားတာ ကြာလိုက်တာတဲ့..၊ စားပွဲခုံသေးသေးလေးမှာလည်း တက္ကသိုလ်ဝင်တန်းစာအုပ်တွေက ဖုန်တွေ အထပ်ထပ်၊ ခြေပစ်လက်ပစ်သူ့ရင်ခွင်မှာ ၀င်အိပ်တော့ ကျမ ကုတင်သေးသေးလေးက သဘောကျပြီး ရယ်ပြတယ်..သူ မပျော်တာ ကြာပြီတဲ့လေ...၊ အိုး.....လမင်းကြီးရယ်၊ ကြယ်လေးတွေရယ် အစုံအလင်ပါပဲ ဘာကြောင့်ဒီလောက် လှနေရတာလဲ ကောင်းကင်ရယ်.... နက်ပြာရောင်ကောင်းကင်ကြီးက ကြင်နာစွာနဲ့ကြည့်တယ်..ဘယ်အရာတွေက နာကျင်စေခဲ့လဲတဲ့လေ...။ကျမက တစ်ခုခုပြန်ပြောဖို့ ကြိုးစားနေတုန်းမှာ...စူးခနဲဝင်လာတဲ့ နေရောင်ခြည်ကို မနှစ်ြ မို့စွာ ခပ်ရေးရေး နောက်တော့ ပီပီပြင်ပြင်..ပြီးတော့ အထီးကျန်ဆန်လှတဲ့ နေ့လည်ခင်း၊ .. ခဏလေးပါပဲ ကျမ အိပ်ပျော်သွားခဲ့တာ...ဒါပေမယ့် အိမ်ပြန်ရောက်သွားတယ်တဲ့၊ အိပ်မက် အိပ်မက်အကြောင်းတွေးရင်းနဲ့ ပျော်မိတယ်..မျက်ရည်တွေ ၀ိုင်းတဲ့အထိပါဘဲ.....။
ကံကြမ္မာရယ်... ကျေးဇူးပြုပြီး ကျမကို ဒီလိုအိပ်မက်လေးပဲ ဆက်မက်ခွင့်ပေးပါ...။

No comments:

Post a Comment