Wednesday, April 22, 2009

အလွမ်းခတ်တဲ့ ပဲ့တင်သံ

ကြားလား....
အဇ္ဈတဒေသက မေတ္တာတရားခေါင်းပါးတဲ့
လူတွေရဲ့ စက်စုပ်ဖွယ် ရယ်သံတွေကို....။

ကြားလား ...
ညည့်နက်နက် စက္ကန့်သံတွေကြားမှာ
ငါညည်းနေတဲ့
နင့်အတွက် လွမ်းချင်းခပ်မှိန်မှိန်ကို....။

ကြားရဲ့လား........
နင်မသိတဲ့ ဘ၀တစ်ခုရဲ့
အဆင်မပြေမှု သက်ပြင်းရှိုက်သံကို....။

ကြားမိလား....
နတ်ဆိုးတွေကြားမှာ ခေတ်စားတဲ့
ငါ့အကြောင်း ဟိုတလွင့် ၊ဒီတစ်စကို...။

ကြားလား...
နင့်အပြုံးတွေနဲ့မှ ရွက်သစ်ဝေမယ့်
သစ်ပင်ငယ်ရဲ့ မျှော်လင့်ခြင်းသစ္စာကို.....။

ကြားရဲ့လား......
နွေရာသီ လမ်းမထက်က
အလွမ်းတွေ ခတ်နေတဲ့
ငါ့ ဂစ်တာသံသဲ့သဲ့ကို.....။

ကြားသေးရဲ့လား.....
ငါတို့ နှစ်ယောက်သွားထိုင်နေကျ
ချောင်းကလေးဘေးက ဆည်းလည်းသံ တလွင်လွင်ကို...။

ကြားလား ...
ငါ့ဝမ်းနည်းမှုတွေနဲ့ လောင်စာလုပ်
ခုတ်မောင်းသွားတဲ့ ရထားတစ်စင်းရဲ့
ပူလောင်မှုဥသြသံကို....။

ကြားသေးလား...

ရင်ခုန်သံတွေ လတ်ဆတ်ခဲ့တဲ့
အတိတ်ညနေခင်းရဲ့ ကြည်နူးခြင်းတေးသွားကို....။

ချစ်သူရေ.......
ကြားလား........
ကြားလား......
ကြားလား...................
ရေဒီယိုက လာနေတဲ့
ငါတို့ အကြိုက်ဆုံး သီချင်းတစ်ပုဒ်ရဲ့
စာသားအပိုင်းအစတွေကို .....။

summer


2 comments:

  1. ကြားလားကြားလား
    ကြားလား ကြားရဲ့လား

    ဆိုတဲ့သီချင်းလေးတောင် သတိရသွားတယ်..

    ReplyDelete
  2. “နင့်အပြုံးတွေနဲ့မှ ရွက်သစ်ဝေမယ့်
    သစ်ပင်ငယ်ရဲ့ မျှော်လင့်ခြင်းသစ္စာကို”
    ရွက်သစ်ဝေနိုင်ပါစေ ညီမရေ...။

    ReplyDelete