Wednesday, August 4, 2010

မိုးရာသီ အရိုင်းတေး ..

သည်းသည်းမည်းမည်း ရွာချလာတဲ့ မိုးစက်တွေထဲမှာ...ဘယ်နတ်ဆိ
ုးရဲ့ ကျိန်စာမျိုးနဲ့ နာကျည်းချက်တွေပါနေမလဲ...။
မေ့လွယ်ပျောက်လွယ် နေ့ရက်တွေထဲ အိပ်မက်အသေတွေနဲ့ တုတ်နှောင်ခဲ့တဲ့ မှော်ဆရာရေ.... ကံကြမ္မာဆိုးတွေကိုချည်း တနင့်တပိုးလက်ဆောင်ထားခဲ့တာ ကျေးဇူးတင်မဆုံးဘူး..။
ခင်ဗျား နှင်တံတချက်အဝှေ့မှာတင် မှိုင်းရီ မှုန်ဝါး အုံ့ဆိုင်းခဲ့ရတာ...။ ကျုပ်တစ်ယောက်တည်းကိုပဲ ထစ်ချုန်းရွာတဲ့ မိုးလေလားလို့ မေးပစ်ချင်တယ်...။
အနားသတ်မရှိတဲ့ စိတ်မိုက်ကို ဘောင်ခတ်ထားပစ်နိုင်တဲ့ ခင်ဗျားအပြုံးမှာ ကျုပ်ဆိုတဲ့ကောင်ကလည်း ရွာရန်ရာနှုန်းအပြည့်နဲ့ ပြိုဆင်းချင်နေတော့လည်း ခက်သားလား ...။
တွေတွေ ငေး ငေး..တွေတွေငေးငေး.. ကိုယ့်နှုတ်ခမ်းကိုယ်ကိုက် နာကျင်နေပလိုက်တယ် ..
သြော် ..၀မ်းမနည်းကြေးလို့ ဆိုခဲ့ကြပေမယ့်လည်းလေ...။ အယောင်ယောင်အမှားမှားနဲ့ မိုးထဲမှာတောင် မိုးထပ်ရွာတယ် ...။ ကျေးဇူးပြုပြီး အောက်စီဂျင်ပါတဲ့ အကြည့်တွေနဲ့ပဲ ကြည့်ပါ..။

ဒါနဲ့ ခင်ဗျားပေးတဲ့ အလင်းတွေက တဆိတ်လောက် မကြမ်းလွန်းဘူးလား...အမှောင်ထဲမှာတောင် ရုပ်ပျက်ဆင်းပျက် လောင်ကျွမ်းလွန်းတယ်..။ အရိုင်းဆန်ဆန်နဲ့ ဗြောင်းဆန်အောင် ကြေကွဲနေရတာတာ... ကြေကွဲနေရတာ....။ ပြောင်းပြန်ကြီး ရီနေရလွန်းလို့လည်း နှလုံးခုန်သံစည်းချက်တွေက ကစဥ့်ကလျားနဲ့ ..အောင့်သီးအောင့်သက် ...။ ဘာတွေဖြစ်မလဲ...လွဲလွဲကြီး လွမ်းနေရင်းနဲ့..သံသရာတစ်လျှောက် ဝေး ဝေးကြီးကို လွဲရဦးမယ်...။

ကံကြမ္မာကို မုန်းတယ်...။ အဆိပ်တစ်ခွက် ခဏပေးပါ ခရမ်းရောင်ရေ... လောင်ကျွမ်းပြာမကျသေးသရွေ့တော့ ညှိုးကြေနေရဦးမှာပေါ့.. အဟက်..! ဘာဖြစ်လဲ.. ဘာဖြစ်သွားလဲ ... ဘာဖြစ်ဖို့ရှိဦးမှာတဲ့လဲ... ။

ဆုတောင်းမမှားခဲ့ပါဘူး...ဆုတောင်းများခဲ့ရုံ သက်သက်ပါ...ခင်ဗျားအတွက်နဲ့ ကျုပ်အတ္တတွေကို တနင့်တပိုး ရေစက်ချလိုက်မိတာလည်း ပါမပေါ့..။ ခုမှတော့ သောက်နောင်တလည်း ရမနေချင်ဘူး..ရှိပါစေတော့ ရှိစေတော့..။
မုန်းဖို့ချစ်ခဲ့တာမဟုတ်လို့ 'မုန်းပစ်လိုက်ပါ' ဆိုတဲ့ စကားကို ရနံ့ဟောက်ပက်နဲ့ မပြောစမ်းပါနဲ့ ....။
ဟာသပဲ..။ ဖြစ်နိုင်မယ်ဆိုရင် ခင်ဗျာ့အနားက ညှင်းသိုးသိုးလူတွေအားလုံး ဖြူဖွေးသန့်စင်သွားတဲ့အထိ ဟားတိုက်ရယ်မောပလိုက်ချင်တာ...! ဒါက သိုးမည်းပုရပိုက်မှာ စူးနေတဲ့ ကျိန်စာ ...(ခင်ဗျား မဖြစ်သင့်ဘူး)
(ခင်ဗျား မဟုတ်ဘူး...။)
သွားစမ်းပါတော့ .... အသည်းကွဲတာ မသေလောက်ပါဘူးတဲ့ ..သိပ်ဟုတ်တာပေါ့ ....
နာနာကျည်းကျည်း အလဲလဲအပြိုပြိုနဲ့ လူလိုသူလို ဖြစ်မနေတာကလွဲရင် သာမာန်ကာလျှံကာပါပဲ..။ ခေါင်းမော့ရင်ကော့ပြီး လမ်းလျှောက်ဖို့တော့ အချိန်နည်းနည်းယူရဦးမှာပေါ့လေ...။ ဒီထက်မပို မလိုဘူး..။ ဓါးနဲ့ထိုးခံလိုက်ရတဲ့ ဒါဏ်ရာကို အပ်စူးတာလောက်ပဲသိတဲ့ အကြင်နာမျိုးနဲ့ လာနှစ်သိမ့်နေတာဆိုရင်တော့ ခင်ဗျား ခပ်ဝေးဝေးမှာ ကျောခိုင်းနေတာ ပိုကောင်းလိမ့်မယ်..။
ဘာမှလည်း သောက်ကြီးသောက်ကျယ်တွေ မလုပ်ချင်ဘူး...။ အရာအားလုံးဟာ အံဝင်ခွင်ကျ လွဲချော်ခဲ့ပြီးသား မဟုတ်လား ..။ ရီမယ်ဆို ရီနေလိုက်လို့ရတယ်...။ စူးစူးဝါးဝါးနဲ့ အသံထွက်မလှတာတော့ နည်းနည်း သည်းခံပေါ့ဗျာ..။ နောက်တော့လည်း.. ဖာသိဖာသာ ဖြစ်သွားမှာပါ..။

ဂါထာဆန်တဲ့ စကားလုံးအချို့ နဲ့ ခပ်ပြတ်ပြတ် ညနေတချို့  ..မတော်တဆကျကျန်ခဲ့တာလွဲရင်.. အရာအားလုံးဟာ သာမန်ထက်လွန်ပြီး ပုံမှန်ဖြစ်ပါတယ်..။


အလံဖြူပြပြီး နှုတ်ဆက်ဖို့တော့ မတောင်းဆိုပါနဲ့ . ခင်ဗျားအလိုက်သိရမှာ.. ဒီကြိုးဝိုင်းထဲ ၀င်လာကတည်းက အသက်နဲ့အသက်ကို လောင်းကြေးထပ်ထားခဲ့ပြီးသားဆိုတာ.. .!
အဟက်..! လူစွမ်းကောင်းကြီးတော့ မဟုတ်ဘူးပေါ့ဗျာ..။ ဒါပေမယ့် သွေးပျက်စရာအရှုံးကိုတွေ့နေမှတော့ ကိုယ့်ရင်ကိုယ် ရွက်ကုန်ဖွင့်ပြီး မုန်တိုင်းကိုလည်း ပြေးဆောင့်ဖို့ ၀န်မလေးဘူးပေါ့..။ ဒီလိုပဲ ကျုပ်က တခါတခါ ၀တ်ကျေတန်းကျေ ရိုင်းတတ်တယ်..။

တောင်းပန်ရိပ်ညှိုးမျက်ဝန်းတစ်စုံနဲ့ တိမ်တိုက်ထဲတိုးဝင်သွားတဲ့ လေယဉ်.....ဘယ်လို ဂတိဂ၀တ်နဲ့မှ မချုပ်နှောင်ခဲ့ဘူး ..... ဒီလိုချစ်ခြင်းမျိုး ဘယ်ခေတ်မှာမှ ပွင့်ဖူးတော့မှ မဟုတ်ဘူး ဆိုတာ ထပ်ခါထပ်ခါ နားလည်ရင်းနှဲ့ ရှတတ အဲဒီနေ့မှာမှ မိုးမိခဲ့တယ်.. သိပ်တော့ မဆန်းဘူးလေ...။
သေချာတာတော့ သေနေတော့ လမ်းပဲ..။ မသေမချင်းတော့ သေအောင်ဆက်လျှောက်ရဦးမယ်..။ ကျုပ် ရာဇ၀င်တစ်ခုလုံး 'အုန်း' ခနဲ ပြိုကျတဲ့အထိပေါ့..။.


summer way [August 4 f*ckin2010]

Saturday, July 17, 2010

သံလိုက်နဲ့ လုပ်တဲ့ ကော်ပတ်ရုပ်

ငါက မြောက်ဝင်ရိုးစွန်း စက်ဝိုင်းမှာစိုက်နေတဲ့ မြားတစ်ချောင်းပေါ့ ။

မှတ်ဥာဏ်တစ်ခုမှ မကျန်အောင် ဆွဲဆောင်ပစ်လိုက်တယ် ။

ငါ့မှာ ပြဒါးမပါတဲ့ မှန်တချပ်ရှိတယ် ။

မေးခွန်းတိုင်းရဲ့ အဖြေတွေကို အလင်းတန်းတွေနဲ့ပဲ တုံ့ပြန်ချင်တယ် ။

အဲဒီလို ငါ့နှုတ်ခမ်းငါ ခပ်တင်းတင်းဆွဲစေ့လိုက်တဲ့ေ
နာက်

ငါ့ဆီ ရိုက်လင်းတန်းတွေက

သိုးမည်းဒဏ္ဍာရီတွေကိုသာ သုတ်လိမ်းပေးခဲ့ ။

လင်းလွန်းလို့ မမြင်တော့တဲ့ အကန်းတကောင်ပါ

အမှောင်ဆိုတာ အရောင်ခြယ်ဖို့မှ မဟုတ်တာ

ဒဏ္ဍာရီထဲမှာတောင် အလင်းကျိန်စာမိတယ် ။

ငါ့ရာဇ၀င်ကို ပရိုသီးမီးယပ်စ် မတွေ့ဖူးလိုက်တဲ့

မီးအိမ်နဲ့ တောက်အက်ကစား

ချောက်ကမ်းပါးဘေးက အနှစ်နှစ်ဆယ်ကျော်သက်တမ်းနဲ

မြက်ပင်ကို ဖမ်းပြီး ကြိုးကျစ်မိတယ် ။

မြူခိုးတွေဝေနေတယ် ။ စိုစွတ်စွတ်လွင်ပြင်မှာ

စိတ်ဝိဥာဉ်တွေက ငါ့ဆံပင်တွေလို တဖျတ်ဖျတ်လွင့်

တကယ်ဆို ငါက သံပတ်ပေးတာကိုသာ စောင့်နေရမယ့် အရုပ်သေ ။

နဂါးငွေ့တန်းတစ်ခုလုံး ကြွေအောင် ဖန်ဆင်းဖို့

သခင် ... ငါ့ကို အသက်သွင်းလော့ ။

ငါက ဓူဝံကြယ်ဆီကိုမှ မိုက်မိုက်ကန်းကန်း

ပန်းတွေ ပစ်ထည့်မိတဲ့အခါ

လောကဟာ ငါ့အိတ်ကပ်ထောင့်ကျဉ်းတွေကို ပျက်ရယ်ပြုနေလေရဲ့ ။

ပွဲတော်နေ့မှာမှ မိုးမိသွားတဲ့လူရိုင်းလိုပဲ

သောက်ရေးမပါတာတွေက ခုန် , ခုန်ထွက်တယ်။

ဘယ်နတ်ဆိုးရဲ့ ပုရပိုဒ်ထဲက အရှိန်အ၀ါတွေပါလာတာလဲ ။

သည်းသည်းမည်းမည်း ... ... သည်းသည်းမည်းမည်း

ငါ့မျက်တောင်တွေ ကျိုးကြေသွားလောက်အောင်

လပေါ်မှာ ဒီရေတက်ခဲ့ ။

အနီရောင်တွေ အလွဲလွဲအချော်ချော်ဖြစ်ကုန်တာ

ဘယ်ကဝေပြုစားသလဲလို့ မေးရက်တယ် ။

လက်ထိပ်ခတ်လည်း လွင့်နေတဲ့ စိတ်အစဉ်ကို

ဘယ်ဥပဒေနဲ့ အရေးယူမှာလဲ ။

အဲဒီလိုနဲ့ ... သစ္စာတရားရဲ့ လှောင်အိမ်ကို ငါ့ခေါင်းပေါ်တည့်တည့်မှာ

ပိပိရိရိ သိမ်းလိုက်တယ် ။

ကြေးသွန်းထားတဲ့ တိမ်တချို့ရဲ့ ကျက်သရေကို

ငါ့အား ပေးတော်မူပါ ။

ဆွဲငင်အားကောင်းတဲ့ ကောင်းကင်ကို

ငါ့အတွက် မြောက်အရပ်သို့ ရွေ့ပေးတော်မူပါ ။

အဲဒီလိုနဲ့ ... ငါ့သံပတ်ကိုငါ ဆိုင်းမပါ ဗုံမဆင့်

သခင့်လက်ကို ခိုးယူခွင့်ပေးခဲ့လိုက်တယ် ။





Summer Way ၊ အဲရာဝေ

Tuesday, July 13, 2010

တယာဆရော် .....



တယော တစ်လက်ကလည်း
ဒီရင်ကို ၀ုန်းဒိုင်းကြဲစေတာပါပဲလား...
သေသေသပ်သပ် အပြုံးနဲ့
ခဏခဏ လွင့်ထွက်သွားအောင် ခင်ဗျားမို့ ပြုံးရက်တယ်...
အိပ်ရေးတွေပျက်... အဖျားတွေလည်း တတ်တယ် ဆရာ..
တယောတစ်လက်ကြောင့် တောနက်ထဲဝင်တယ်တဲ့ (အဟက်)
ဘယ်လို တရားနဲ့မှ ဖြေမရသေးဘူးဗျာ...
ခင်ဗျား ထပ်ပြုံးပါဦး ...
အဲလို အပြုံးမျိုး ခင်ဗျားကလွဲ..ဘယ်သူမှ မပြုံးတတ်ဘူး
ဘေးကျပ်နံကျပ် အသက်ရှုပါရပ်တယ်...
တဟုန်းဟုန်းနဲ့ ထထတောက်တယ်...
ဟောဒီမှာ ...အဖြူရောင်မီးတောက်.. !
ကျုပ်ကို အရှင်လတ်လတ် ပြုံးပြပြီးမှ သင်္ဂြုဟ်ပါလေ ...

SUMMER.

Saturday, June 19, 2010

ချိန်းတွေ့တဲ့မိုး

ဟောဒီလို အကျင့်မျိုးနဲ့
ကောင်းကင်က မျက်ရည်ခံထိုးပြီ။

နွမ်းလျအိမ်ပြန်ညနေရဲ့
နောက်ဆုံးတောက်ပတဲ့မျက်လုံးတွေ
နံရံပေါ်ကနာရီထဲ ထားပစ်ခဲ့
ဟောဟို လှေကားထစ်အမြင့်ကြီးတွေဆီကနေ
ဘ၀ရဲ့ အနည်ထိုင်ခြင်းဟာ
လေးလေးလံလံခုန်ချလိုက်ပေါ့။

မိုးရေထဲဖြတ်လျှောက်သွား
ကွန်ကရစ်လမ်းမ ပလပ်ဖောင်း
တခြမ်းစောင်းအောင် ထိုင်အော်နေကျ ခြင်္သေ့တွေရှေ့
စိတ်ကူးရုပ်ရှင်ထဲ
ဘယ်အနမ်းတွေ ပူနွေးပ။

ရော...အဲဒီ အကျင့်ကိုပဲ မကြိုက်တာ
ဟောဒီမှာ သူမကတော့
ခေါက်ထီးလေး မလုံ့တလုံနဲ့
ငါ့ ရင်အုံဆီ တန်းတန်းမတ်မတ် လာနေတော့ရဲ့...။ ။

အောင်ဝေး (ပန်းဝေသီ၊၁၉၉၃ စက်တင်ဘာ)

Tuesday, June 15, 2010

ဆည်းဆာ ..အိပ်မက် (၁)

ဆုံတွေ့ခြင်းမှာ တိမ်တွေတောင် ပြုံးလို့
ဘယ်တော့မှ မပြင်တဲ့ ကယ်ရီယာခုံလေးကလည်း မခို့တရို့ 
ကပိုကရို နွမ်းနေပုံကိုက
လွမ်းနေတဲ့ ဒီရင်ဘတ်ကို လန်းစေနေတာ ...
ဘယ်သို့သော စကားလုံးတွေနဲ့မှ အသက်သွင်းစရာ မလိုဘူးလေ အရာအားလုံးဟာ နူးညံ့ခြင်းရဲ့ ဆွဲငင်မှုမှာ တိတ်တဆိတ် သက်ဆင်းလို့ ...
နေစောင်းတဲ့ လမ်းလေးထက်မှာ အပြုံးတွေက ဟိုတစ်စ ဒီတစ်စ ...
လေပြေတိုက်တိုင်း သစ်ရွက်စိမ်းလေးတွေက တဖြတ်ဖြတ် ပြီးတော့
သူ့ဆံပင်လေးတွေ တလွင့်လွင့် ...
အိပ်တန်းပြန် ငှက်တွေ ၀ဲနေတဲ့ ကောင်းကင်ကြီးထဲ ...
ဆွတ်ပျံ့ ကြည်နူးဖို့ကောင်းတဲ့ ပတ်ဝန်းကျင်မှာ သူရယ်၊ ကျမရယ် ...နောက်တော့ စက်ဘီးနီလေးရယ် ...
အရှိန်အ၀ါဆိုတာတွေလည်း အလိုလို... မှိုင်း...... ညို့ ...
အရာခပ်သိမ်းသော ညစ်နွမ်းခြင်းတွေကို .... ပေါ့ ပေါ့ ပါး ပါး ရယ်ဖြစ်ကြတဲ့ အထိ...
အဲဒီ ညနေခင်းလေးဟာ လူးလွန့် လှပစွာ အသက်ဝင်ခဲ့ဖူးတာပေါ့။
တစ်ခါတုန်းကပါ ... ။ ။

Friday, June 11, 2010

မေမေ


မေမေ ... လွမ်းလွမ်းဆွတ်ဆွတ်ပါပဲလေ..
နှလုံးသားတွေ ဖြစ်ညှစ်ဆုပ်ကိုင်ခံလိုက်ရသလို...မေ့မေ့ကို သတိရတယ် ...
တစ်ယောက်တည်းပါပဲလေ...အနားသတ်တွေ ဖွာလန်ကြဲနေ့တွေထဲ မေမေ့ အကြင်နာတွေ ပြင်းပြင်းပြပြ ဆာလောင်နေတယ်မေ ..
တမြေ့မြေ့နဲ့ လျှောဝင်နေတဲ့ ဘ၀ကျင်းထဲ မေမေသာလျှင် ခွန်အားပါပဲ ...
မေမေရယ် .. ရင်ခွင်ထဲတိုးပြီး ရှိုက်ကြီးတငင်ငိုလိုက်ချင်တယ်.....
ပူလောင်မှုတွေများသထက်များလာတော့မှ မေ့မေ့ အေးမြခြင်းတွေကို သတိတရနဲ့ တန်ဖိုးထားတတ်လာတယ်ဲ...
မေမေရယ် ... လဲကျလိုက် ပြန်ထလိုက်နဲ့ ဒါဏ်ရာတွေချည်းပဲ အလကားပေးတတ်တဲ့ လောကကြိုးဝိုင်းကြီးထဲ မေမေ တစ်ယောက်တည်းဆီမှာပဲ ဖြူစင်တဲ့ ချစ်ခြင်းတွေရှိတာတဲ့ ....တကယ်တော့ မေမေဟာ ဘယ်တော့မှ အာနိသင်မကုန်ခမ်းတဲ့ ဆေးတခွက်ပါပဲ ...။
ရွှေလင်ပန်းနဲ့ ထမင်းဆီဆမ်းမှ မဟုတ်တော့ပါဘူး..မေမေ့လက်နဲ့ ကျွေးတာ ဘာမဆို တမ်းတမ်းတတ ငတ်မွတ်နေပြီ မေမေ..မဲ့ပြုံးလေးကိုလည်း မြင်ယောင်နေမိပါရဲ့ ...
မေမေ့အပါးက ကျောခိုင်းမိတဲ့ ငှက်ကလေးပါ မေမေရယ်.. မိုးဒါဏ်၊ လေဒါဏ်နဲ့ လောကလွင်ပြင်ကျယ်ကြီးထဲ မုန်တိုင်းမိတော့လည်း ဘယ်သူကမှ(မေမေ့လို) စိုမှာစိုးလို့ မိုးမပေးကြပါဘူး...သက်ပြင်းတွေ အလီလီချမိလည်း (မေမေ့လို )ဘယ်သူကမှ ဂရုဏာအပြည့်နဲ့ ကျောသပ်ပေးတာမဟုတ်ဘူးမေ ... မေတ္တာတရားမရှိနိုင်တဲ့ ခေတ်ပျက်ကြီးထဲမှာ ဆင်လိုလို သမင်လိုလိုလူတွေချည်းပါပဲမေမေ....ဘာကိုမှ အပြစ်ပုံချလို့မရတဲ့ အဆုံးမှာ .. let it be .. let it be, let it be, let it be. ... Whisper words of wisdom, let it be.... မေမေ အမြဲဆိုနေကျ သီချင်းလေးကိုပဲ တညည်းညည်း.... ကြေမွအက်ကွဲနေတဲ့ နေ့တွေထဲ..တရွေ့ရွေ့နဲ့ ခရီးဆက်ရဦးမယ်မေ... တောင်းဆုတွေသာ အလီလီ ပန်ကြားနေနိုင်သေးတဲ့ ဘ၀သေးသေးလေးပါပဲ..ဒါပေမယ့် မပျက်မကွက်ဆုတောင်းနေမိတာတော့ မေမေ...ပျော်ရွှင်ပါစေ..
မေမေ ... ကျန်းမာပါစေပါပဲ ...သိပ်အရေးကြီးတယ်ဆိုတာ နားလည်ပြီမေ..ဆုံးရှုံးခြင်းတွေ တစတစတိုးတတ်လာတဲ့ ဘ၀ထဲမှာ ဘယ်လိုမှ အဆုံးရှုံးမခံနိုင်တာ မေမေ တစ်ယောက်သာရှိတယ်ဆိုလေ ....