Wednesday, June 24, 2009

ရင်ဖွင့် ဆုတောင်း....။

ပြောချင်တဲ့ စကားတွေကို ရင်ဘတ်နဲ့ နားထောင်ပေးမယ့် နားတစ်စုံလောက် အပူတပြင်းလိုအပ်နေတယ်၊ ကျေးဇူးပြုပြီးြှမန်မာလို တ၀ကြီး ပြောပါရစေ၊ ကိုယ့်အိမ်ကိုယ့်မြေလို စိတ်ချလက်ချနေလို့ရမယ့် ငါ့တစ်ကိုယ်စာ တစ်နေရာ ဘယ်မှာရှိမလဲ??? ခေတ်မှီပါတယ်၊ ခန့်ညားပါတယ်ဆိုတဲ့ အရာတွေမှာ ပျော်ပျော်နေဖို့ ကြိုးစားတိုင်းမရတာ ကိုယ်မှားနေတာလား၊ အသုံးမကျလွန်းတာလား၊ ရေလိုက်ငါးလိုက်ဆိုတဲ့ စကားက ဟန်မဆောင်တတ်သူ တစ်ယောက်အတွက်တော့ တယ်မလွယ်လှဘူး သူငယ်ချင်းရေ....ငါ မသက်မသာတောင် ပြုံးမရလို့ဟယ်၊ ပျော်နေရမယ့်အချိန်ရွယ်တူတွေကြားထဲမှာ ပျော်လို့မရတာ ငါလွန်တယ်လို့ နင်မပြောလိုက်နဲ့နော်... ၀ဍ္ဍ်ကျေတန်းကျေအပြုံးတွေနဲ့ အေးစက်စက်အခန်းတွေရယ်၊ နွေးထွေးမှုမရှိတဲ့ စာသင်ခန်းတွေရယ်၊ ကန်တင်းသွားလို့ တစ်ယောက်တည်း ငေါင်တောင်တောင် စားရတဲ့ နေ့လည်စာတွေရယ်ကို ငါနေ့စဉ်လုပ်နေကျဖြစ်ပေမယ့် ဘယ်လိုမှ နေသားတကျမဖြစ်ဘူးဟယ်...။ ငါတို့တွေ ကောင်းကောင်းမပျော်လိုက်ရတဲ့ တက္ကသိုလ်ဆိုတဲ့ ဘ၀ကြီးကို ရည်မှန်းချက်၊ဘ၀အာမခံချက်တွေအပြည့်နဲ့ အပူအပင်မရှိ ပျော်ပျော်ရွှင်ရွှင် ကျောင်းတတ်နေကြတဲ့ ကျောင်းသားတွေတွေ့တိုင်း တွေတွေကြီးငေး...တို့တွေ ဘ၀တွေအတွက် ရင်နာလွန်းတယ်။ ဘာကြောင့်လဲ ဆိုတဲ့ အဖြေကို တွေးမိတိုင်း အခါခါတောက်ခေါက် အသားတုန်အောင် ဒေါသထွက်ဖူးတယ်။ ငါတို့ထက်ဆိုးတဲ့ ဘ၀တွေအတွက် စာနာစိတ်နဲ့ မျက်ရည်ဝဲရတယ်။
တကယ်ဆို သူတို့လို အခွင့်အရေး တို့တွေမှာလည်း ရှိသင့်တာပေါ့ဟာလို့ အကြိမ်ကြိမ်တိုင်တည်၊ ငါတစ်ယောက်တည်း အန်ကြိတ်နေရတယ်။ သူငယ်ချင်းရေ.......ဖြစ်ချင်တာတွေမဟုတ်ပါဘူး၊ ဖြစ်သင့်တာတွေပါလို့ ငါပြောရင် နင်လက်ခံနော်၊
သူများတကာတွေက အမေပြင်ပေးတဲ့ မနက်စာစားပြီး ကိုယ်ပိုင်ကားနဲ့ Smart ကျကျကျောင်းလာတဲ့ အချိန်မှာ... ၀မ်းဟောင်းလောင်းနဲ့ ကျောင်းကားစောင့်နေရတဲ့ လူတွေဟာ ငါတို့ပါပဲ၊ ကျောင်းက ပြန်လာလို့ ဘာမှစားစရာမရှိတဲ့ နေ့စွဲတွေက ပုံမှန်ပေမယ့် ခါးနေတယ်ဟာ၊ အဲလို အသေးအဖွဲလေးတွေနဲ့လည်း တစ်ခါတခါ ငါ့စိတ်ဓါတ်တွေ ခွေယိုင်သွားတဲ့အထိ ဖြစ်ရတယ်..သူငယ်ချင်းရေ...ပြောစမ်းပါ၊ ဘယ်လိုလူမျိုးက ကိုယ်ချစ်တဲ့အိမ်ကိုယ် မပြန်ချင်တာ ရှိလိမ့်မလဲ၊ အဝေးရောက်မှ အိမ်ကို ပိုချစ်တတ်လာတာလား မသေချာပေမယ့် တကယ်ပါ ငါဘယ်တုန်းကမှတော့ ဂျစ်ပစီတစ်ယောက် မဖြစ်ချင်ခဲ့ဖူးးဘူး။၊ တစ်နေ့ပြီးတစ်နေ့ တံစမြိတ်မရှိတဲ့၊ အိမ်မဟုတ်တဲ့ အခန်းလေးထဲက ထွက်၊ အခန်းလေးထဲကို ၀င် ဘ၀တွေက ခြောက်ကပ်လွန်းလှတယ်..အို..ဘုရားသခင် ကျေးဇူးပြု၍ ဒီဘ၀ကြီးကို ရေလောင်းပေါင်းသင် စိမ်းလန်းခွင့်ပေးပါ ။
[ကံကြမ္မာရေ... ကမ္ဘာပေါ်မှာရှိရှိသမျှ အိမ်လွမ်းနေသူတွေအားလုံးကို ခင်ဗျားရဲ့ ကောင်းသောလက်အစုံနဲ့ သူတို့ချစ်တဲ့အိမ်တွေဆီ အမြန်ဆုံးပို့ပေးပါ...........]

Saturday, May 30, 2009

ဗလာ



“ဓါတ်ပုံလေးက ဒီကယူတယ်”

ငါ့ရဲ့ အခန်းသစ်လေးကို ဆေးသုတ်ထားတယ်..

ဒါပေမယ့် အရောင်မရှိ ဗလာ...၊
အခန်းလေးက ပြတင်းတံခါးကို ဖွင့်ကြည့်တော့..
ဗလာမိုးတွေ အုံ့ဆိုင်းနေတယ်...
ခပ်ထွေထွေနဲ့ ငါ ငိုဖို့တောင်အားမရှိတော့ဘူးကွယ်...။

စိတ်ညစ်ညစ်နဲ့ ဟိုဟိုဒီဒီ လျှောက်ရေးတော့
စာမျက်နှာပေါ်မှာလည်း ဘာမှန်းမသိအောင် ဗလာတွေနဲ့ ရှုပ်ပွနေလို့....
ငါပြေးထွက်လိုက်တယ်၊
တစ်ချိန်တုန်းက ခံစားမှုတွေလျှံကျခဲ့ဖူးတဲ့ ငါတို့ရဲ့ ကျောင်းလမ်းမလေးဆီ...........
အစိမ်းရင့်ရင့် ဗလာပန်းတွေ အင်နဲ့အားနဲ့ ဖူးပွင့်နေတာ
ငါဘာတစ်ခုမှ ခံစားလို့မရဘူးဟယ်.....

ဘာတွေလဲ...ဘာတွေလဲ
ဒီရာသီဟာ ဗလာသီးတွေပဲ ပွင့်တဲ့ရာသီများလား..
ငါ့အသံ ဗလာနဲ့အော်ဟစ်၊ ငါကိုယ်တိုင်ဟာ ဘာမှန်းမသိတဲ့ စိတ္တဇဗလာ၊
အလန့်တကြားနဲ့ ကိုယ့်ရင်ဘတ်ထဲ ကိုယ်ငုံ့ကြည့်တော့
ငါ့ရင်ဘတ်ကြီးတစ်ခုလုံးမှာလည်း....
...... အဆုံးမရှိတဲ့ ဗလာ ဗလာ ဗလာ ဗလာ ဗလာ ....... ဗလာ.....။

Monday, April 27, 2009

ခေါင်းစဉ်မရှိပါ။

ဧပရယ် ရောက်တာတောင် နွေမဟုတ်ဘူးတဲ့
ရာသီဥတုခပ်ဆိုးဆိုးနဲ့ ခဏခဏရန်ဖြစ်ရတာလည်း
အင်မတန်ပင်ပန်းတယ် မေမေ...။

ဆာကူရာတွေက လှပါတယ် ....
ဒါပေမယ့် မေမေရယ် ...
ပိတောက်ဝါ၀ါတွေလောက် ရင်ခုန်ဖို့မကောင်းသလို

အဖွားခြံထဲက စံပယ်ရုံတွေလိုလည်း မမွှေးပျံ့ဘူးလေ..
ဘာမှန်းမသိ... မုန်းတယ် မေမေ။

ခံစားချက်တိုင်းက ကြည်နူးဖို့ တစ်စက်မကောင်းဘူး..
ဘ၀ ဆိုတာကလည်း အလယ်တန်းကျောင်းတုန်းက
ရေးခဲ့တဲ့ အက်ဆေးတစ်ပုဒ်လောက်တောင် ဖတ်လို့မှမကောင်းပဲ..
စိတ်နာနာနဲ့ လွမ်းရတာလောက် ခါးတာမရှိဘူး မေမေ...။

ဇော်ဝင်းထွဋ်က ပဲရစ်မြို့နဲ့ ချစ်သူကို မလဲနိုင်သလိုမျိုး
ကျမကလည်း ပုပ္ပါးတောင်နေရာမှာ ဖူဂျီတောင်ကို အစားထိုး၊
အို...ခံစားလို့ကို မရပါဘူး.......
လိုအပ်တာထက် ပိုလွမ်းတတ်လွန်းလို့
ကျမတစ်ယေက်တည်း မိုးတွေအုံ့
ရွာချင်တိုင်း ရွာနေတယ် မေမေ။ ။

Friday, April 24, 2009

အုတ်ခုံလေး


လမ်းတော်တော်များများရဲ့ ထိပ် သို့မဟုတ် အဆုံးတွင် အုတ်ခုံလေးတွေ ရှိတတ်ပါသည်။ ထို့အတူ ကျွန်မတို့ လမ်းထိပ်တွင်လည်း အုတ်ခုံလေး ရှိပါသည်။ ထို အုတ်ခုံလေးသည် အရိပ်ကောင်းကောင်းရသည့် ဗန်ဒါပင် ၂ ပင်အောက်တွင်ရှိနေပြီး အုတ်ခုံလေးနှင့် မျက်နှာချင်းဆိုင်တွင် ကွမ်းယာဆိုင်လေးရှိနေသောကြောင့် ရပ်ကွက်ထဲရှိ လူငယ်တော်တော်များများ စုဝေးရာနေရာလေးလည်း ဖြစ်နေပါသည်။ ထို အုတ်ခုံလေးရှိနေသည်ကို သိသော်လည်း ကျွန်မ သေသေချာချာ သတိထားကြည့်မိခြင်းမရှိပါ။ ဖြတ်သွားဖြတ်လာ ကြည့်မိရုံသာရှိခဲ့ပါသည်။ သို့သော်......ယခု ထို အုတ်ခုံလေးကို ပြင်းပြင်းပြပြ သတိရနေပါသည်။ အဘယ်ကြောင့်ဆိုသော် သတိရစရာ အမှတ်ရစရာများကို ပြန်စဉ်းစားမိတိုင်း ထို အုတ်ခုံလေးက အမြဲပါလာတတ်သောကြောင့် ဖြစ်ပါသည်။

အုတ်ခုံလေးသည် ကျွန်မနဲ့ ချစ်သူတို့ရဲ့ အပြာရောင်ဆုံမှတ်လေး ဖြစ်ခဲ့ဖူးပါသည်။ ထို့အတူ ကျွန်မရဲ့ ကျောင်းသွားချိန်တွေကို ချစ်သူနဲ့အတူ
မပျင်းမရိစောင့်ပေးတတ်တဲ့ ချစ်သူရဲ့ အကောင်းဆုံးအဖော်လည်း ဖြစ်ပါသည်။ ချစ်သူက သီချင်းဆိုပြီး ရင်ဖွင့်တိုင်း အမြဲနားထောင်တတ်သော ချစ်သူရဲ့ ပင်တိုင်ပရိတ်သတ်လည်း ဖြစ်ပါသည်။ ချစ်သူက နောက်ကျလို့ ကျွန်မ မျက်စောင်းထိုးလည်း အုတ်ခုံလေးက ခံပါသည်။ ရန်ဖြစ်တိုင်း ချစ်သူက သူ့ကို ခြေထောက်နဲ့ ကန်လည်း အုတ်ခုံလေးက မငြူမစူ ခွင့်လွှင့်ရှာပါသည်။ ပြေလည်ချိန်ဆို သူရင်ဖွင့်လို့ အမြဲကြိုဆိုပါသည်။ ကျွန်မတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းဘာသာဗေဒတွေကို သူက ခပ်ရှက်ရှက်နဲ့ နားထောင်တတ်ပါသည်။ ကျွန်မ အိမ်ပြန်ချိန်ဆို ငေါင်စင်းစင်းနဲ့ ကျန်ခဲ့တဲ့ ချစ်သူကို အုတ်ခုံလေးက ဒိုင်ခံအားပေးနှစ်သိမ့်ရှာသည်။ ချစ်သူ မလာလို့ စောင့်နေရတဲ့အချိန်တိုင်း အုတ်ခုံလေးက ကျွန်မကို သူ့ရင်ခွင်ထဲ ချွေးသိပ်ပြီး စိတ်မတိုဖို့ ဖြောင်းဖြရှာသည်။ ချစ်သူ့လက်က ဆေးလိပ်ကို ကျွန်မက လွှင့်ပစ်ရင် အုတ်ခုံလေးက ကြိတ်ပြီးဝမ်းသာတတ်ပါသည်။ ချစ်သူမှ လွဲ၍ အခြားကောင်လေးများ ဂစ်တာလာတီးလျှင် သူက စိတ်ဆိုးတတ်ပါသည်။ ချစ်သူရဲ့ စက်ဘီးအနီလေးလာရင် သူအလွန်ပျော်ပြီး စက်ဘီးလေးကို သူ့ပခုံးမှာ မှီစေပါသည်။ ချစ်သူ့ စက်ဘီးနောက် ကျွန်မပါသွားရင် အုတ်ခုံလေးက ပြုံးပြပြီး နှုတ်ဆက်တတ်ပါသည်...။ ထိုသို့သော ချစ်စရာကောင်းသော အုတ်ခုံလေးကို ကျွန်မ အရမ်းသတိရနေပါသည်။
ကျွန်မတို့ နှစ်ယောက်လမ်းခွဲတော့ ..........
အုတ်ခုံလေးက တိတ်တိတ်လေး သက်ပြင်းချလို့စိတ်မကောင်းဖြစ်နေပါလိမ့်မည်။ ပြီးတော့ ချစ်သူကို ထားသွားခဲ့တဲ့ ကျွန်မကို အကြီးအကျယ်အပြစ်တင်ကောင်းတင်ပါလိမ့်မည်။ ခပ်ငေါင်ငေါင်နဲ့ ဆေးလိပ်ဖွာကျန်ခဲ့တဲ့ ချစ်သူကို အုတ်ခုံလေးက တနေ့နေ့ပေါ့ကွာလို့ နှစ်သိမ့်ချင် နှစ်သိမ့်ပါလိမ့်မည်။ ချစ်သူရဲ့ ဂစ်တာသံတွေကို နားထောင်ရင်း ချစ်သူနဲ့အတူ ကျွန်မကို ခဏတဖြုတ် သတိရချင်ရပါလိမ့်မည်...။

အခုဆိုရင် ....
အုတ်ခုံလေးက အရောင်တွေ ဘာတွေ ပြောင်းနေ
မလား။ နာဂစ်နဲ့အတူ သူ့ကို နှုတ်ဆက်သွားတဲ့ ဗန်ဒါပင်လေးတွေရဲ့ အေးချမ်းမှုကို တမ်းတရင်း ဒီနွေကိုလည်း မုန်းနေမလား..။ စက်ဘီးအနီရောင်လေးရဲ့ ကိုယ်ယောင်ဖျောက်မှုကို အံသြနေမလား..။ ကြားနေကျ ဂစ်တာသံလေးအစား ကွမ်းယာဆိုင်လေးက ပျံလွင့်လာတဲ့ ရေဒီယိုသီချင်းသံကိုပဲ နားစွင့်နေမလား ...။ ခဏခဏ ရန်ဖြစ်တတ်တဲ့ စုံတွဲလေးတွေကို တွေ့တိုင်း ခပ်ပြုံးပြုံးနဲ့ကြည့်နေမှာလား...။ ဒါမှမဟုတ် အကြာကြီးမေ့နေပြီှး အခုမှ ကောင်ခါငင်ကာ သတိရနေတဲ့ ကျွန်မကို မျက်စောင်းထိုး စိတ်ဆိုးနေမလား.................။ များစွာ..များစွာသော အတွေးတွေ အဆွေးတွေနှင့် ကျွန်မတကယ်ကို သတိရနေပါသည် တစ်ချိန်က အုတ်ခုံလေးနဲ့ စက်ဘီးနီလေးရယ်.....။
summer

Wednesday, April 22, 2009

အလွမ်းခတ်တဲ့ ပဲ့တင်သံ

ကြားလား....
အဇ္ဈတဒေသက မေတ္တာတရားခေါင်းပါးတဲ့
လူတွေရဲ့ စက်စုပ်ဖွယ် ရယ်သံတွေကို....။

ကြားလား ...
ညည့်နက်နက် စက္ကန့်သံတွေကြားမှာ
ငါညည်းနေတဲ့
နင့်အတွက် လွမ်းချင်းခပ်မှိန်မှိန်ကို....။

ကြားရဲ့လား........
နင်မသိတဲ့ ဘ၀တစ်ခုရဲ့
အဆင်မပြေမှု သက်ပြင်းရှိုက်သံကို....။

ကြားမိလား....
နတ်ဆိုးတွေကြားမှာ ခေတ်စားတဲ့
ငါ့အကြောင်း ဟိုတလွင့် ၊ဒီတစ်စကို...။

ကြားလား...
နင့်အပြုံးတွေနဲ့မှ ရွက်သစ်ဝေမယ့်
သစ်ပင်ငယ်ရဲ့ မျှော်လင့်ခြင်းသစ္စာကို.....။

ကြားရဲ့လား......
နွေရာသီ လမ်းမထက်က
အလွမ်းတွေ ခတ်နေတဲ့
ငါ့ ဂစ်တာသံသဲ့သဲ့ကို.....။

ကြားသေးရဲ့လား.....
ငါတို့ နှစ်ယောက်သွားထိုင်နေကျ
ချောင်းကလေးဘေးက ဆည်းလည်းသံ တလွင်လွင်ကို...။

ကြားလား ...
ငါ့ဝမ်းနည်းမှုတွေနဲ့ လောင်စာလုပ်
ခုတ်မောင်းသွားတဲ့ ရထားတစ်စင်းရဲ့
ပူလောင်မှုဥသြသံကို....။

ကြားသေးလား...

ရင်ခုန်သံတွေ လတ်ဆတ်ခဲ့တဲ့
အတိတ်ညနေခင်းရဲ့ ကြည်နူးခြင်းတေးသွားကို....။

ချစ်သူရေ.......
ကြားလား........
ကြားလား......
ကြားလား...................
ရေဒီယိုက လာနေတဲ့
ငါတို့ အကြိုက်ဆုံး သီချင်းတစ်ပုဒ်ရဲ့
စာသားအပိုင်းအစတွေကို .....။

summer


Tuesday, April 14, 2009

လေလွင့်သူရဲ့ တိမ်ရေးသူ

မုန်းတီးမှုများ
နေ့စဉ် စားသုံးရင်း

ခွန်အားသစ်တွေ ဖြစ်ခဲ့ပြီ။

နှစ်သုံးဆယ်ကြာတဲ့ မီးလျှံများ
လေတိုက်စားလို့ ငြိမ်းလုပြီ။

လွဲချော်သွားတဲ့ နာရီများအတွက်
အိပ်မက်တွေကို ရှက်တိုင်း
အနက်ရှိုင်းဆုံးဆိုတဲ့ သောကများ
ဘုရား တ,ရင်း စိန်ခေါ်ခဲ့ရပြီ။

ဂုဏ်သိက္ခာတွေ ကြေမွပြီး
စီးထားတဲ့ ဖိနပ်အောက်
အမှန်တရားတွေ မှောက်ကျသွားတဲ့အခါ
ဘ၀ဆိုတာ ကောလဟလပါပဲ။

ရွှေရှာသူများ
ငွေရှာသူများ
နေရာယူသူများ
အားလုံးရဲ့နောက်မှာ
ငါ ……
လေဆာရောင်ခြည်သေနတ်နဲ့
လူသတ်ချင်တယ်။

ဒါပေမယ့်
ဘာတွေမှ တွေးမနေနဲ့
တိမ်တွေရဲ့ ကိစ္စ
ရာသီတွေရဲ့ ကိစ္စ
လောကကို မတောင်းဆိုလိုက်လေနဲ့
ဣနြေ္ဒကြီးတဲ့ ကောင်းကင်လို နေလိုက်ပေါ့။ ။

ဂျူး။

[မာယာမဂ္ဂဇင်း၊ မတ်လ၊ ၁၉၉၈၊ အတွဲ ၃၊ အမှတ် ၁ မှာ ဖော်ပြခဲ့တဲ့ ကဗျာကို အင်တာနက်ပေါ်တင်ခြင်း ဖြစ်ပါတယ်။]

မူရင်း ဒီကယူတယ်