Monday, September 28, 2009

အလွမ်းပြဇာတ်

တိတ်တိတ်လေး ခိုးကြည့်နေခဲ့ရတာ
ကြာတော့လည်း
ကိုယ့်မျက်နှာပေါ်က လက်ချောင်းတွေကို
ခွာချလိုက်ချင်တယ်
(မပွင့်ဘဲ ကြွေသွားတဲ့ ပန်းတစ်ပွင့်
အဝေးကြီး အနှင်ခံလိုက်ရပြီးတဲ့နောက်.....)
ခဏလေး စိုပြီး အကြာကြီး ခြောက်သွေ့သွားတဲ့
မြေနီလမ်းလေး....
ရွက်ဖျားတွေပေါ် ဖုန်အလိမ်းလိမ်းတင်လို့
မိုးသားတွေ မြင်တိုင်းလည်း
ရွာမယ်လို့မှ အသေအချာ မပြောနိုင်တာ
ချောင်အကျဆုံး ထိုးသိပ်ထည့်ခံထားရတဲ့
မင်း ပြောခဲ့တဲ့ သံယောဇဉ်ဆိုတဲ့ လမ်းကျဉ်းလေး
သူလည်းပဲ လက်မှိုင်ချ ဆွေးမြေ့သွားလောက်ပြီပေါ့....။

ရေချမ်း

(သရဖူမဂ္ဂဇင်း အမှတ် ၃၆၊ အောက်တိုဘာလ ၂၀၀၀)

Saturday, September 26, 2009

တစ်ခါတလေ

တစ်ခါတလေလည်း ပျင်းတာပဲ...
တစ်ယောက်တည်း ဘ၀ကိုဆက်...၊
တစ်ခါတလေလည်း ရှင်းတာပဲ..
အပူအပင်မဲ့ တစ်ယောက်တည်း...ဘ၀အတွက်...၊
တစ်ခါတလေလည်း..ကြောက်တာပဲ..
တစ်ယောက်တည်း ညတွေလည်း...၊
တစ်ခါတလေလည်း စောင့်နေခဲ့..
စာနာမှုများနဲ့ ယုံကြည်သွားမယ့် ဘ၀အတွက်...၊
တစ်ခါတလေလည်း အချိန်များစွာရယ် ဘာအတွက်လဲ...ကိုယ်ရှက်လာတယ်
...၊
ကိုယ့်စိတ်ကိုယ်လှုပ်ရှား ကိုယ့်အသိအတွက် ဖိအား၊ ကိုယ်လုပ်ဖို့ သိပ်ခက်သွား...
တစ်ခါတလေလည်း အမှားတွေနဲ့ တစွတ်ထိုး ခေါင်းမာခဲ့...
တစ်ခါတလေလည်း ကောင်းချင်တယ်၊ လှည့်ဖျားတာ သိပ်များလာ..အမှန်အမှားမခွဲ...
တစ်ခါတလေလည်း......
တစ်ခါတလေလည်း....
ဒါပေမဲ့ ကိုယ်သိလာတယ်...
ကိုယ်နေရမယ့် နေရာရှိပါတယ်...
ဒီသီချင်းများကို ဆိုရင်း...
အိပ်မက်ကို အသက်သွင်း.. ရောင့်ရဲဖို့ ကြိုးစားရင်း......
တစ်ခါတလေလည်း ရှိချင်တယ်....
လုံခြုံဖူးတဲ့ အတိတ်တွေထဲ...၊
ဒါပေမယ့် ကိုယ်သိပါတယ်..
အရင်ဘ၀မျိုး ပြန်မရတဲ့ ကျွန်တော့်အတွက်......

တစ်ခါတလေလည်း

တစ်ခါတလေလည်း

တစ်ခါတလေလည်း.....
[ မျိုးကျော့မြိုင် ]
မျိုးကျော့မြိုင် ရဲ့ သီချင်းလေးပါ။ Album title ကလည်း "တစ်ခါတလေ" ပါပဲ။ တစ်ကိုယ်တော် Album တော့ မဟုတ်ပါဘူး။

Monday, August 31, 2009

"တစ္ဆေ"

"တစ္ဆေ"

အိပ်လို့မရ

ညကြီးမင်းကြီး၊ ထပြီးထိုင်နေ

မွေ့ရာတွေလည်း၊ကြေမွတွန့်လိပ်

သိပ်စိတ်ညစ်တယ်၊သတိပြယ်လွင့်

ခိုတွယ်စရာ အတည်မရ။

အပြင်ဘက်မှာ

သစ်ရွက်တွေကြား၊ကြယ်လေးငါးပွင့်

စံကားပင်အို၊ကန်ရေစိုစွတ်

ဟိုမှာ လှုပ်လှုပ်၊ငုတ်တုတ်လက်ကမ်း

စမ်းလျှောက်သွားနေ၊မြက်ချုံတွေထဲ

တစ္ဆေ ငါကိုယ်တိုင်ပါပဲ။

ခုတင်ခြေရင်း

ပြေးနင်းရှပ်ရှပ်၊မတ်တတ်ထလိုက်

ခန်းဝကိုလာ၊၀ရန်တာမှာ

သည်မှာတစ်ယောက်၊တစ္တေခြောက်လှန့်

ကြောက်ကြောက်နှင့်ကြည့်၊မျက်နှာလှည့်စမ်း

တည့်တည့်လှမ်းမြင်၊အော်ငိုချင်မိ

တစ်ဆင်တည်းပဲ သူနဲ့ ငါ။

မြစ်နက်ထဲမှာ

ငါရေနစ်မြုပ်၊ချမ်းပြီးကုပ်နေ

ကုက္ကိုကိုင်းကြား၊ငါနေနားလိုက်

ဘုရားရှေ့မှောက်၊ဒူးထောက်ရောက်ပြန်။

မောပန်းလျနှင့်

တစ်ယောက်သောငါ၊ငါများစွာမှ

ထလာ လွင့်ပါး၊ငိုသံပါနှင့်

ဘာမှမကြား၊မောင့်အနားမှာ

``ထသွားစို့ဆို၊မေ့ကိုအိပ်မက်

မမက်ဘူးလား´´၊တစ္ဆေ ဖြားယောင်း

မှုန်မွှားစိတ်ဝယ် အရိပ်ထင်။

ကြည်အေး။

အိပ်မက်..


ကျမက ရင်းနှီးသလိုလိုရှိတဲ့ အဲဒီလမ်းပေါ်မှာ ယောင်လည်လည်နဲ့..... လမ်းက ကြမ်းပေမယ့် ဘာခလုပ်မှမထိတာ အံသြစရာ...။ ချစ်စွာသော ထင်းရူးပင်ကြီးကတော့ ကျမကို မှတ်မိသယောင်ယောင်...။ တိုးဝင်လာတဲ့လေအေးအေးတွေကို အားပါးတရ နှစ်ခြိုက်စွာရှုရှိုက်မိတယ်....ပြီးတော့... ကျမနှုတ်ခမ်းမှာ အပြုံးတချို့...။ ရင်ထဲက ၃ နှစ်ကြာ မွန်းကျပ်နာကျင်မှုတွေ ....အငွေ့ပျံသွားတယ်။ ဟိုးခပ်လှမ်းလှမ်းဆီမှာ ကျမအိမ်၊ တံစက်မြိတ်လေးကို လှမ်းမြင်နေရပြီလေ...။ လမ်းတစ်လျှောက် ဆီးကြိုနေတဲ့ ခရေပွင့်လေးတွေကို တယုတယကောက်လိုက်တယ်။ ဒါက အဖွားသိပ်ချစ်တဲ့ ခရေတွေပေါ့..။ ပြီးတော့ အရှေ့နားက စံပယ်ရုံမှာ အဖွားရယ်လေ တပတ်လျှိုဆံထုံးနဲ့ ပြုံးနေလေရဲ့...။ ဟော...ခုန်ပေါက်ပြီးပြေးလာပါပြီ ကျမသိပ်ချစ်တဲ့ ခွေးလေးတွေ...၊ သူတို့ လွမ်းတာ ကျမသိပ်သိတာပေါ့ကွယ်...။ အိမ်ရှေ့မှာတော့ ကျမရဲ့ စာအုပ်စင်လေးက လှပ မှိုင်ရီစွာ.....ပျော်ပျော်နေတော့ကွယ်... ကျမ ဘယ်မှ ထွက်မပြေးတော့ဘူးလေ..၊ သစ်သား ဆက်တီလေးတွေကလည်း မပြောင်မယောင်နဲ့ပြောတယ်... "မင်းသူငယ်ချင်းမလေးတွေ မလာတာ ကြာပြီတဲ့လေ"...၊နောက်ဖေး ပုဂံစင်က ကော်ဖီခွက်အပြာလေးကတော့ အက်ကွဲတုန်ရီစွာ ငေး....ကျမ အခန်းလေးကတော့ ၀င်ဝင်ချင်းမှာပဲ ဆည်းလည်းသံလေးတွေနဲ့ နှုတ်ဆက်တယ်...ဒီတစ်ခါ သွားတာ ကြာလိုက်တာတဲ့..၊ စားပွဲခုံသေးသေးလေးမှာလည်း တက္ကသိုလ်ဝင်တန်းစာအုပ်တွေက ဖုန်တွေ အထပ်ထပ်၊ ခြေပစ်လက်ပစ်သူ့ရင်ခွင်မှာ ၀င်အိပ်တော့ ကျမ ကုတင်သေးသေးလေးက သဘောကျပြီး ရယ်ပြတယ်..သူ မပျော်တာ ကြာပြီတဲ့လေ...၊ အိုး.....လမင်းကြီးရယ်၊ ကြယ်လေးတွေရယ် အစုံအလင်ပါပဲ ဘာကြောင့်ဒီလောက် လှနေရတာလဲ ကောင်းကင်ရယ်.... နက်ပြာရောင်ကောင်းကင်ကြီးက ကြင်နာစွာနဲ့ကြည့်တယ်..ဘယ်အရာတွေက နာကျင်စေခဲ့လဲတဲ့လေ...။ကျမက တစ်ခုခုပြန်ပြောဖို့ ကြိုးစားနေတုန်းမှာ...စူးခနဲဝင်လာတဲ့ နေရောင်ခြည်ကို မနှစ်ြ မို့စွာ ခပ်ရေးရေး နောက်တော့ ပီပီပြင်ပြင်..ပြီးတော့ အထီးကျန်ဆန်လှတဲ့ နေ့လည်ခင်း၊ .. ခဏလေးပါပဲ ကျမ အိပ်ပျော်သွားခဲ့တာ...ဒါပေမယ့် အိမ်ပြန်ရောက်သွားတယ်တဲ့၊ အိပ်မက် အိပ်မက်အကြောင်းတွေးရင်းနဲ့ ပျော်မိတယ်..မျက်ရည်တွေ ၀ိုင်းတဲ့အထိပါဘဲ.....။
ကံကြမ္မာရယ်... ကျေးဇူးပြုပြီး ကျမကို ဒီလိုအိပ်မက်လေးပဲ ဆက်မက်ခွင့်ပေးပါ...။

ကျွန်တော်ဟာ ကံကြမ္မာဖြစ်ချင်ခဲ့တယ်



လက်ညှိုးညွှန်ရာ
ကောက်ကွေ့စီးဆင်းရလွန်းလို့
ကျွန်တော်ဟာ ကံကြမ္မာဖြစ်ချင်ခဲ့တယ်။
အိပ်မက်တွေ
တစ်ရာသီပြီး တစ်ရာသီ အရိတ်သိမ်းခံရလွန်းလို့
ကျွန်တော်ဟာ ကံကြမ္မာဖြစ်ချင်ခဲ့တယ်။
ဆုတောင်းခြင်းရဲ့
ကျေးကျွန်ဖြစ်ရဖန်များလွန်းလို့
ကျွန်တော်ဟာ ကံကြမ္မာဖြစ်ချင်ခဲ့တယ်။
ဖြည့်ဆည်းခြင်းရဲ့ အရှင်သခင်အဖြစ်
အရာအားလုံးကို ပြဌာန်းဖို့
ကျွန်တော်ဟာ ကံကြမ္မာဖြစ်ချင်ခဲ့တယ်။
လောကဓံကို
ပျစ်ပျစ်နှစ်နှစ် ဆဲရေးဖို့
ကျွန်တော်ဟာ ကံကြမ္မာဖြစ်ချင်ခဲ့တယ်။
အတိအကျပြောရရင်တော့
ကိုယ့်ကိုယ်ကို ဓားထောက်ပြီး
လူ့ကျင့်ဝတ်တွေကို လုယက်ဖို့
ကျွန်တော်ဟာ ကံကြမ္မာဖြစ်ချင်ခဲ့တာပါပဲ။ ။

[မြမြင့်မိုရ်]
(ဟန်သစ် – အောက်တိုဘာ၊ ၂၀၀၄) “လမ်းအိုလေးက ပြန်ကူးထားတာ”

“ဓါတ်ပုံလေးက ဒီကယူတယ်”

Tuesday, August 4, 2009

လွင့်


စာအုပ်ဖွင့်မိတော့မှ သင်ရိုးညွှန်းရှာမတွေ့တဲ့အဖြစ်တွေ၊
မှင်ရည်ကျဲလွန်းလို့ အရောင်မှိန်ခဲ့တဲ့ ဘ၀တွေ၊
ခေါ်သံကြားပေမယ့် ပြန်မလာနိုင်တဲ့ နေ့ရက်တွေ၊
ကိုယ်တိုင်ယှဉ်မပြိုင်ဘဲ ရှုံးခဲ့ရတဲ့ ပြိုင်ပွဲတွေ၊
ရှိစေတော့ကွယ်
အဖြူရောင်ဟာ တကယ်တော့ ဆေးဆိုးထားတာပါ။

အခိုးအငွေ့တွေကြားမှာ ရိုးသားမှုကိုရှာကြည့်၊
အမှတ်မထင်ပဲ ပျောက်ပျောက်သွားတတ်လို့၊
အဓိပ္ပါယ်ရှိတာတွေလည်း အဓိပ္ပါယ်မရှိသလို၊
အတိအကျဆိုတာကလည်း မတင်မကျနဲ့
စာမျက်နှာတွေသာ တစ်ရွက်ပြီးတစ်ရွက်ကုန်သွားတယ်၊
ငါ့အတွက် သင်ရိုးညွှန်းတန်းဘယ်မှာလဲကွယ်....။
ဟင့်အင်း....အမှားတွေဖြေပြီးတော့ ဂုဏ်ထူးမလိုချင်ပါဘူး၊
အရီအပြုံးများလွန်းတဲ့ မျက်နှာဖုံးတွေနဲ့လည်း ပရောပရီမနေချင်ဘူး၊
အိပ်မက်ထဲမှာလမ်းလျှောက်တာလည်း ခရီးမရောက်ဘူး၊
လေမတိုက်ပဲလည်း လမ်းပျောက်လွန်းလို့
ဟိုးညနေက မိုးပျံပူဖောင်းအပြာလေးလိုပဲ လွင့်၊
လွင့်သွားခဲ့တယ်
ကြာပါပြီ......။