Monday, April 27, 2009

ခေါင်းစဉ်မရှိပါ။

ဧပရယ် ရောက်တာတောင် နွေမဟုတ်ဘူးတဲ့
ရာသီဥတုခပ်ဆိုးဆိုးနဲ့ ခဏခဏရန်ဖြစ်ရတာလည်း
အင်မတန်ပင်ပန်းတယ် မေမေ...။

ဆာကူရာတွေက လှပါတယ် ....
ဒါပေမယ့် မေမေရယ် ...
ပိတောက်ဝါ၀ါတွေလောက် ရင်ခုန်ဖို့မကောင်းသလို

အဖွားခြံထဲက စံပယ်ရုံတွေလိုလည်း မမွှေးပျံ့ဘူးလေ..
ဘာမှန်းမသိ... မုန်းတယ် မေမေ။

ခံစားချက်တိုင်းက ကြည်နူးဖို့ တစ်စက်မကောင်းဘူး..
ဘ၀ ဆိုတာကလည်း အလယ်တန်းကျောင်းတုန်းက
ရေးခဲ့တဲ့ အက်ဆေးတစ်ပုဒ်လောက်တောင် ဖတ်လို့မှမကောင်းပဲ..
စိတ်နာနာနဲ့ လွမ်းရတာလောက် ခါးတာမရှိဘူး မေမေ...။

ဇော်ဝင်းထွဋ်က ပဲရစ်မြို့နဲ့ ချစ်သူကို မလဲနိုင်သလိုမျိုး
ကျမကလည်း ပုပ္ပါးတောင်နေရာမှာ ဖူဂျီတောင်ကို အစားထိုး၊
အို...ခံစားလို့ကို မရပါဘူး.......
လိုအပ်တာထက် ပိုလွမ်းတတ်လွန်းလို့
ကျမတစ်ယေက်တည်း မိုးတွေအုံ့
ရွာချင်တိုင်း ရွာနေတယ် မေမေ။ ။

Friday, April 24, 2009

အုတ်ခုံလေး


လမ်းတော်တော်များများရဲ့ ထိပ် သို့မဟုတ် အဆုံးတွင် အုတ်ခုံလေးတွေ ရှိတတ်ပါသည်။ ထို့အတူ ကျွန်မတို့ လမ်းထိပ်တွင်လည်း အုတ်ခုံလေး ရှိပါသည်။ ထို အုတ်ခုံလေးသည် အရိပ်ကောင်းကောင်းရသည့် ဗန်ဒါပင် ၂ ပင်အောက်တွင်ရှိနေပြီး အုတ်ခုံလေးနှင့် မျက်နှာချင်းဆိုင်တွင် ကွမ်းယာဆိုင်လေးရှိနေသောကြောင့် ရပ်ကွက်ထဲရှိ လူငယ်တော်တော်များများ စုဝေးရာနေရာလေးလည်း ဖြစ်နေပါသည်။ ထို အုတ်ခုံလေးရှိနေသည်ကို သိသော်လည်း ကျွန်မ သေသေချာချာ သတိထားကြည့်မိခြင်းမရှိပါ။ ဖြတ်သွားဖြတ်လာ ကြည့်မိရုံသာရှိခဲ့ပါသည်။ သို့သော်......ယခု ထို အုတ်ခုံလေးကို ပြင်းပြင်းပြပြ သတိရနေပါသည်။ အဘယ်ကြောင့်ဆိုသော် သတိရစရာ အမှတ်ရစရာများကို ပြန်စဉ်းစားမိတိုင်း ထို အုတ်ခုံလေးက အမြဲပါလာတတ်သောကြောင့် ဖြစ်ပါသည်။

အုတ်ခုံလေးသည် ကျွန်မနဲ့ ချစ်သူတို့ရဲ့ အပြာရောင်ဆုံမှတ်လေး ဖြစ်ခဲ့ဖူးပါသည်။ ထို့အတူ ကျွန်မရဲ့ ကျောင်းသွားချိန်တွေကို ချစ်သူနဲ့အတူ
မပျင်းမရိစောင့်ပေးတတ်တဲ့ ချစ်သူရဲ့ အကောင်းဆုံးအဖော်လည်း ဖြစ်ပါသည်။ ချစ်သူက သီချင်းဆိုပြီး ရင်ဖွင့်တိုင်း အမြဲနားထောင်တတ်သော ချစ်သူရဲ့ ပင်တိုင်ပရိတ်သတ်လည်း ဖြစ်ပါသည်။ ချစ်သူက နောက်ကျလို့ ကျွန်မ မျက်စောင်းထိုးလည်း အုတ်ခုံလေးက ခံပါသည်။ ရန်ဖြစ်တိုင်း ချစ်သူက သူ့ကို ခြေထောက်နဲ့ ကန်လည်း အုတ်ခုံလေးက မငြူမစူ ခွင့်လွှင့်ရှာပါသည်။ ပြေလည်ချိန်ဆို သူရင်ဖွင့်လို့ အမြဲကြိုဆိုပါသည်။ ကျွန်မတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းဘာသာဗေဒတွေကို သူက ခပ်ရှက်ရှက်နဲ့ နားထောင်တတ်ပါသည်။ ကျွန်မ အိမ်ပြန်ချိန်ဆို ငေါင်စင်းစင်းနဲ့ ကျန်ခဲ့တဲ့ ချစ်သူကို အုတ်ခုံလေးက ဒိုင်ခံအားပေးနှစ်သိမ့်ရှာသည်။ ချစ်သူ မလာလို့ စောင့်နေရတဲ့အချိန်တိုင်း အုတ်ခုံလေးက ကျွန်မကို သူ့ရင်ခွင်ထဲ ချွေးသိပ်ပြီး စိတ်မတိုဖို့ ဖြောင်းဖြရှာသည်။ ချစ်သူ့လက်က ဆေးလိပ်ကို ကျွန်မက လွှင့်ပစ်ရင် အုတ်ခုံလေးက ကြိတ်ပြီးဝမ်းသာတတ်ပါသည်။ ချစ်သူမှ လွဲ၍ အခြားကောင်လေးများ ဂစ်တာလာတီးလျှင် သူက စိတ်ဆိုးတတ်ပါသည်။ ချစ်သူရဲ့ စက်ဘီးအနီလေးလာရင် သူအလွန်ပျော်ပြီး စက်ဘီးလေးကို သူ့ပခုံးမှာ မှီစေပါသည်။ ချစ်သူ့ စက်ဘီးနောက် ကျွန်မပါသွားရင် အုတ်ခုံလေးက ပြုံးပြပြီး နှုတ်ဆက်တတ်ပါသည်...။ ထိုသို့သော ချစ်စရာကောင်းသော အုတ်ခုံလေးကို ကျွန်မ အရမ်းသတိရနေပါသည်။
ကျွန်မတို့ နှစ်ယောက်လမ်းခွဲတော့ ..........
အုတ်ခုံလေးက တိတ်တိတ်လေး သက်ပြင်းချလို့စိတ်မကောင်းဖြစ်နေပါလိမ့်မည်။ ပြီးတော့ ချစ်သူကို ထားသွားခဲ့တဲ့ ကျွန်မကို အကြီးအကျယ်အပြစ်တင်ကောင်းတင်ပါလိမ့်မည်။ ခပ်ငေါင်ငေါင်နဲ့ ဆေးလိပ်ဖွာကျန်ခဲ့တဲ့ ချစ်သူကို အုတ်ခုံလေးက တနေ့နေ့ပေါ့ကွာလို့ နှစ်သိမ့်ချင် နှစ်သိမ့်ပါလိမ့်မည်။ ချစ်သူရဲ့ ဂစ်တာသံတွေကို နားထောင်ရင်း ချစ်သူနဲ့အတူ ကျွန်မကို ခဏတဖြုတ် သတိရချင်ရပါလိမ့်မည်...။

အခုဆိုရင် ....
အုတ်ခုံလေးက အရောင်တွေ ဘာတွေ ပြောင်းနေ
မလား။ နာဂစ်နဲ့အတူ သူ့ကို နှုတ်ဆက်သွားတဲ့ ဗန်ဒါပင်လေးတွေရဲ့ အေးချမ်းမှုကို တမ်းတရင်း ဒီနွေကိုလည်း မုန်းနေမလား..။ စက်ဘီးအနီရောင်လေးရဲ့ ကိုယ်ယောင်ဖျောက်မှုကို အံသြနေမလား..။ ကြားနေကျ ဂစ်တာသံလေးအစား ကွမ်းယာဆိုင်လေးက ပျံလွင့်လာတဲ့ ရေဒီယိုသီချင်းသံကိုပဲ နားစွင့်နေမလား ...။ ခဏခဏ ရန်ဖြစ်တတ်တဲ့ စုံတွဲလေးတွေကို တွေ့တိုင်း ခပ်ပြုံးပြုံးနဲ့ကြည့်နေမှာလား...။ ဒါမှမဟုတ် အကြာကြီးမေ့နေပြီှး အခုမှ ကောင်ခါငင်ကာ သတိရနေတဲ့ ကျွန်မကို မျက်စောင်းထိုး စိတ်ဆိုးနေမလား.................။ များစွာ..များစွာသော အတွေးတွေ အဆွေးတွေနှင့် ကျွန်မတကယ်ကို သတိရနေပါသည် တစ်ချိန်က အုတ်ခုံလေးနဲ့ စက်ဘီးနီလေးရယ်.....။
summer

Wednesday, April 22, 2009

အလွမ်းခတ်တဲ့ ပဲ့တင်သံ

ကြားလား....
အဇ္ဈတဒေသက မေတ္တာတရားခေါင်းပါးတဲ့
လူတွေရဲ့ စက်စုပ်ဖွယ် ရယ်သံတွေကို....။

ကြားလား ...
ညည့်နက်နက် စက္ကန့်သံတွေကြားမှာ
ငါညည်းနေတဲ့
နင့်အတွက် လွမ်းချင်းခပ်မှိန်မှိန်ကို....။

ကြားရဲ့လား........
နင်မသိတဲ့ ဘ၀တစ်ခုရဲ့
အဆင်မပြေမှု သက်ပြင်းရှိုက်သံကို....။

ကြားမိလား....
နတ်ဆိုးတွေကြားမှာ ခေတ်စားတဲ့
ငါ့အကြောင်း ဟိုတလွင့် ၊ဒီတစ်စကို...။

ကြားလား...
နင့်အပြုံးတွေနဲ့မှ ရွက်သစ်ဝေမယ့်
သစ်ပင်ငယ်ရဲ့ မျှော်လင့်ခြင်းသစ္စာကို.....။

ကြားရဲ့လား......
နွေရာသီ လမ်းမထက်က
အလွမ်းတွေ ခတ်နေတဲ့
ငါ့ ဂစ်တာသံသဲ့သဲ့ကို.....။

ကြားသေးရဲ့လား.....
ငါတို့ နှစ်ယောက်သွားထိုင်နေကျ
ချောင်းကလေးဘေးက ဆည်းလည်းသံ တလွင်လွင်ကို...။

ကြားလား ...
ငါ့ဝမ်းနည်းမှုတွေနဲ့ လောင်စာလုပ်
ခုတ်မောင်းသွားတဲ့ ရထားတစ်စင်းရဲ့
ပူလောင်မှုဥသြသံကို....။

ကြားသေးလား...

ရင်ခုန်သံတွေ လတ်ဆတ်ခဲ့တဲ့
အတိတ်ညနေခင်းရဲ့ ကြည်နူးခြင်းတေးသွားကို....။

ချစ်သူရေ.......
ကြားလား........
ကြားလား......
ကြားလား...................
ရေဒီယိုက လာနေတဲ့
ငါတို့ အကြိုက်ဆုံး သီချင်းတစ်ပုဒ်ရဲ့
စာသားအပိုင်းအစတွေကို .....။

summer


Tuesday, April 14, 2009

လေလွင့်သူရဲ့ တိမ်ရေးသူ

မုန်းတီးမှုများ
နေ့စဉ် စားသုံးရင်း

ခွန်အားသစ်တွေ ဖြစ်ခဲ့ပြီ။

နှစ်သုံးဆယ်ကြာတဲ့ မီးလျှံများ
လေတိုက်စားလို့ ငြိမ်းလုပြီ။

လွဲချော်သွားတဲ့ နာရီများအတွက်
အိပ်မက်တွေကို ရှက်တိုင်း
အနက်ရှိုင်းဆုံးဆိုတဲ့ သောကများ
ဘုရား တ,ရင်း စိန်ခေါ်ခဲ့ရပြီ။

ဂုဏ်သိက္ခာတွေ ကြေမွပြီး
စီးထားတဲ့ ဖိနပ်အောက်
အမှန်တရားတွေ မှောက်ကျသွားတဲ့အခါ
ဘ၀ဆိုတာ ကောလဟလပါပဲ။

ရွှေရှာသူများ
ငွေရှာသူများ
နေရာယူသူများ
အားလုံးရဲ့နောက်မှာ
ငါ ……
လေဆာရောင်ခြည်သေနတ်နဲ့
လူသတ်ချင်တယ်။

ဒါပေမယ့်
ဘာတွေမှ တွေးမနေနဲ့
တိမ်တွေရဲ့ ကိစ္စ
ရာသီတွေရဲ့ ကိစ္စ
လောကကို မတောင်းဆိုလိုက်လေနဲ့
ဣနြေ္ဒကြီးတဲ့ ကောင်းကင်လို နေလိုက်ပေါ့။ ။

ဂျူး။

[မာယာမဂ္ဂဇင်း၊ မတ်လ၊ ၁၉၉၈၊ အတွဲ ၃၊ အမှတ် ၁ မှာ ဖော်ပြခဲ့တဲ့ ကဗျာကို အင်တာနက်ပေါ်တင်ခြင်း ဖြစ်ပါတယ်။]

မူရင်း ဒီကယူတယ်


တိုကျိုမှာကျတဲ့ မြန်မာတွေရဲ့ နှစ်ကူးသင်္ကြန်

ကြာသပတေးနေ့က တိုကျိုသွားဖြစ်တယ်။ ဘန်ကောက်သွားမလို့ ဗီဇာသွားယူတာလေ။ ဒီနှစ် သင်္ကြန် ဘန်ကောက်မှာ ကျမယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့...။ ကံများဆိုးချင်တော့ ကိုယ်သွားမယ်ဆိုမှ ဘန်ကောက်မှာ အထိကရုန်းတွေ ဖြစ်နေလို့ ဗီဇာကို တစ်ပတ်စောင့်ပြီးမှ ပေးမယ်တဲ့...။သေပြီ ဆရာလို့သာ အော်ငိုချင်တော့တယ်..။
ကဲ...ဘာတတ်နိုင်မှာလဲ..။ဘန်ကောက်သင်္ကြန်မကျရ တိုကျိုသင်္ကြန်ပဲကျမယ်ဟဲ့ဆိုပြီး အားခဲထားလိုက်တယ်။
တိုကျိုသင်္ကြန်က ၁၂ ရက်နေ့ (တနင်္ဂနွေနေ့) လုပ်တာ...။ Inogashira ပန်းခြံမှာ..။
တကယ်လည်း တနင်္ဂနွေနေ့ရောက်ရော နေမကောင်းလို့ ထတောင်မထနိုင်တော့ဘူး..။ ကဲ...ဘာတတ်နိုင်မတုန်း အိမ်မှာပဲ သင်္ကြန်သီချင်းတွေဖွင့်ပြီး စိတ်မကောင်းကြီးစွာဖြင့် တကိုယ်တည်း သင်္ကြန်ကျလိုက်ရတယ်...။

မြန်မာရှိရင် သင်္ကြန်ရှိတယ်...မြန်မာတွေ ဘယ်နေရာရောက်ရောက် သင်္ကြန်တော့ ဘယ်တော့မှ မမေ့မလျော့..။ အလုပ် အလုပ်ချည်းပဲ ဖြစ်နေကြတဲ့ ဂျပန်က မြန်မာတွေတောင် မရောက်ရောက်အောင်လာပြီး သင်္ကြန်ပွဲကို ဆင်နွဲကြပါတယ်။ ဒါကတော့ တိုကျိုသင်္ကြန်က ဓါတ်ပုံတွေပါ။ ကိုယ်မသွားဖြစ်ပေမယ့် အိမ်က လူတွေသွားကြလို့ ဓါတ်ပုံတွေ တင်ပေးလိုက်ပါတယ် =] . ဂျပန်ပြည်က မြန်မာတွေလည်း သင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြပါတယ်လို့ ...........ဒါကတော့ တိုကျိုက နာမည်ကြီး "မင်္ဂလာဒိုး" သံချပ်အဖွဲ့ပါ။
မြန်မာတွေ ဟိုစုစု၊ ဒီစုစု....။


ပန်းခြံထဲက မြန်မာမုန့်ဆိုင်တွေ....။

သူတို့ပျော်နေကြသည်.....။ :D



တီးကြ၊ ဆိုကြ ကကြနဲ့ပေါ့ ..။
“ဒီမှာလည်းသွားကြည့်လို့ရတယ်”

summer

Friday, April 10, 2009

' ဓါတ်ပုံလေး '

မိုးလုံလေလုံ
နှလုံးအိမ်ထဲက ဓာတ်ပုံလေး
ထုတ်.. ထုတ်ကြည့်ဖြစ်တယ် သတိရတိုင်း
သတိရတိုင်း ရွှဲနစ်
ပါးပြင်ပေါ် မျက်ရည်တွေ
ငါက ဓာတ်ပုံလေးကို တွေရီငေး
ဓာတ်ပုံလေးက ငါ့ကို တွေရီငေး
လွမ်းတယ်.. ။

တာရာမင်းဝေ “Taryarminwai.blogspot.com” မှ

Tuesday, April 7, 2009

ချစ်ဖို့ကောင်းတဲ့ သီချင်း ♥♥

တခါတလေမှာ.. တစ်ယောက်ထဲနဲ့…
တနေကုန် စုံချည်ဆန်ချည် လှုပ်ကြနေ..
ငါ. လေ. ရှေ့ဆက်ရမယ့်. မနက်ဖြန်.. အား. ..သစ်… ရချင်တယ် ♪ ♪

♪ ♪ နေရောင်ခြည်.. မဟုတ်လည်းပဲ..
ကြယ်စင်လောက်တော့ ငါ့ရဲ့လက်တကမ်းတွေ့..
ကိုယ်တတ်စွမ်းသလောက် အလင်းရောင် အနွေးဓါတ် ပေးခဲ့တယ်

ရွှေ.. ငွေ နဲ့ ဂုဏ်သိမ်ဒြပ်တို့..
မရှိ လည်း. နေနိုင်ပါတယ် တသက်လုံး~~
အလိုအပ်ဆုံးက ဘ၀ကို အရိုးသားဆုံး နေဘို့..။
နာရီစက္ကန့်.. များက ရှားပါးလွန်းတယ် ကိုယ့်ဘ၀ကို စိတ်ကြိုက်နေလိုက်…
ရိုးစင်းလွန်းတဲ့ ဘ၀က အကောင်းဆုံးမို့ ♬♬


မျိုးကြီး ဆိုထားတာပါ... မြန်မာဘီယာကြော်ငြာမှာ သုံးထားတယ်တဲ့... သံစဉ်ရော၊စာသား အဓိပ္ပါယ်လေးတွေရော ချစ်ဖို့ကောင်းလို့ နားထောင်ကြည့်နော်.. :)


ရိုးစင်းလွန်းတဲ့ ဘ၀က အကောင်းဆုံးပါပဲ...။ :)



yoe sinn loon dae Bawa ka akg sone moh - Myo Gyi

Monday, April 6, 2009

အရင်လို..အရင်လို.....


ငါ့ရင်ဘတ် Studio ထဲမှာလည်း နင့်နာမည်တစ်ခုတည်းကိုပဲ တစ်သက်လုံးစာ Record လုပ်ထားတယ်...သတိရတိုင်းလည်း မငြီးမငွေ့ ထထအော်လို့...... ။ စိတ်ကူးအတွေးတွေမှာလည်း နင့်အပြုံးတွေနဲ့၊ ပြန်ဆုံနိုင်မယ့်နေ့ကို မှန်းဆရင်း မျှော်လင့်ခြင်းဆိုတဲ့ ဆေးရောင်စုံပန်းချီကို ရေးတယ်...။

သံသယမေးခွန်းတွေကို ကိုယ့်သဘောနဲ့ကိုယ် အမေးအဖြေလုပ် မထီမဲ့မြင် အပြုံးအရီတွေနဲ့ ငါ့ကို အခါခါ ကြိုးကွင်းမစွပ်ချင်ပါနဲ့နော်..။ ငါ့ နှလုံးသားက နင့် စိတ်ဝိညာဉ်ရဲ့ ငယ်ပေါင်းကြီးဖော်အဖြစ် အမြဲ ရှိနေပါတယ်...။ ငါ့ဦးနှောက်တွေကလည်း နင့်အနားမှာနေထိုင်ခွင့် ပါမစ်ရဖို့ တတ်စွမ်းသလောက် ကြိုးစားနေလို့ ...အားအင်ချိနဲ့နေရင်တောင် ငါဟန်မပျက်ပြုံးလို့၊ရယ်လို့...။
ဘာပဲဖြစ်ဖြစ် ဟောဒီကောင်းကင်ကြီးအောက်မှာ နင်ရော ငါရောရှိနေသေးတာပဲလေ... ငါတို့နှစ်ယောက်က ခဏလေးရင်ခုန်ပျောက်ရှလွယ်တဲ့ အိပ်မက်တွေကို မက်ခဲ့တာမှမဟုတ်တာ ။
နင့်စိတ်ဓါတ်တွေကို လေသလပ်မခံလိုက်ပါနဲ့...ငါနဲ့ပတ်သက်တဲ့ နင့်ရင်ခုန်သံတွေ အအေးပက်သွားမှာစိုးတယ်....။ ဖာသိဖာသာနေတတ်တဲ့ ကံကြမ္မာကိုလည်း ခဏခဏ ရန်စကားသွားမပြောနဲ့တော့နော်...။ ယုံကြည်ထားလိုက် မေတ္တာစစ် မေတ္တာမှန်ဆိုတာ ဆေးပေါင်းမခတဲ့ညတွေမှာလည်း သိပ်အစွမ်းထက်တယ်ဆိုတာ...။

ဒါဏ်ရာတွေကုန်၊ နက္ခတ်စုံလို့ ကြယ်တွေ မငိုတော့တဲ့ တနေ့ ငါတို့ ပြန်ဆုံကြမယ်လေ
.... အရင်လို နင့်ရင်ခွင် နွေရာသီလေးနဲ့ ကြိုဆိုဦးပေါ့..။ ငါမှီတွယ်စရာ နင့်ပခုံးလေး (ငါ့အတွက်)အဆင်သင့်ရှိနေပေးပေါ့ ....။ အရင်လို ငါ့လက်တွေကိုတွဲပြီး ငါ့ရင်ခုန်သံတွေကို အေးချမ်းစေတဲ့ မျက်ဝန်းတွေ၊ အားပေးတတ်တဲ့ အပြုံးတွေနဲို့ ငါ့ဘက်က အခိုင်အခံ့ရပ်တည်ပေးဦးပေါ့ ... ဘာတွေပဲဖြစ်ဖြစ်ပေါ့ဟယ် .. ..
အရင်လို....
အရင်လို.... ....
ရှပ်အင်္ကျီအဖြူလေးပဲဝတ်ပြီး နင် လေ ငါ့ ကို ချစ် မြဲ အ တိုင်း ချစ်နေ ပါ ဦး နော်....။



ataung pan twe nae - Myo Kyawt Myaing

Saturday, April 4, 2009

ကမ်းပျောက်လှိုင်း

စိတ်က
ဝန်ရိုးစွန်း ရေခဲများလို
မငြိမ်မသက်
ကိုယ့်အက်ကြောင်းကိုယ်
မထိန်းနိုင်ပြီ။

မှော် ပဉ္စလက် အတတ်နဲ့
ပြောင်းပြန် လှန်ပစ်ချင်ရဲ့
လွမ်းသမျှကို.....
သီးကင်းဘ၀နဲ့ ကြွေရတဲ့
ဆန္ဒတွေကတော့
ရာသီဟောင်း စာမျက်နှာတွေပေါ်
တောင်ပုံရာပုံ။

တကယ်ပဲ
ဆင်ခြင်တုံ ဝေးခဲ့
လှုပ်သမျှ ချော်ထွက်နေဆဲ
ပန်းကြဲမယ့် ထစ်ချုန်းသံတွေ
တဖြည်းဖြည်း တိုးတိတ်ခဲ့စဉ်မှာ
နှင်းတွေ သဲသဲဝေခဲ့
ဘယ်လို ချုပ်ငြိမ်းရမလဲ
တွေးတောင် မတွေးရဲသေးဘူး။ ။

တိုးဝေ (မဟေသီမဂ္ဂဇင်း ၂၀၀၉-ဖေဖော်ဝါရီလ)

Friday, April 3, 2009

အသည်းကွဲကျောက်ရုပ်

မင်းလွှတ်ချထားခဲ့တဲ့ ညနေခင်းလေးထဲမှာပဲ
ငါရှိနေသေးတယ် အချစ်။
မင်း ရှို့ခဲ့တဲ့ ငါ့ရင်ခွင်လေးလည်း
အခုထိ မီးက တဟုန်းဟုန်း
အရှိန်ကောင်းတုန်း.....။

ထားသွားပြီဆိုတဲ့ အမှန်တရားကို
လက်ခံဖို့ ငါကြိုးစားရင်း
အတူလျှောက်ခဲ့ဖူးတဲ့ လမ်းကျဉ်းလေးမှာ...
ငါတစ်ယောက်ထဲ မြေကြီးနဲ့ မျက်နှာချင်းဆိုင်
အပြန်အလှန် စကားတွေပြောဖြစ်တယ်.....၊
ရီရီမောမောလို့တော့ မထင်လိုက်နဲ့.....ချစ်သူ။

သတိရခြင်းနှိပ်စက်တဲ့ညမျိုးဆို
မင်းအိမ်ရှေ့အုတ်ခုံမှာ ခြေမှိုင်လက်မှိုင်၊
သီချင်းတွေဟစ်လိုဟစ်နဲ့
မင်းအရိပ်မျှော်တဲ့ ညည့်ဆိုးအဖြစ်
လူထုမေတ္တာကို ငါခံယူတယ်၊
အများပြောသလို နေတတ်သလိုမနေနိုင်သရွေ့ပေါ့ အချစ်ရယ်.....။

ချစ်သူ့လက်ကို စကိုင်ဖို့တောင် မရဲခဲ့တဲ့ကောင်
အဲလို အူကြောင်ကြောင်ကောင်ရဲ့အဖြစ်ကို
ရီစရာဟာသတစ်ပုဒ်အဖြစ် စိတ်လိုလက်ရ နင်ပြောချင်လည်းပြောနေမှာပေါ့......
ငါဆိုတဲ့ကောင်ကလည်း ခက်တယ်...
ချစ်သူ့လက်ကို စကိုင်ဖို့သာမရဲခဲ့တာ ချစ်သူက တွဲခဲ့တဲ့လက်ကိုတော့
ဘယ်တော့မှ မလွှတ်ရက်ခဲ့ဘူးဆိုတာ.....
တောက်! တကယ်ဆို ငါကိုက
ရေလိုက်၊ငါးလိုက် ဆိုတဲ့ ဝေါဟာရနဲ့ အကျွမ်းတ၀င်မဖြစ်ခဲ့တာပါ....။

နားထောင်...
အမှန်က မချစ်တတ်ခဲ့တာ မဟုတ်ဘူး
အချိန်တွေတိုင်း မင်းရဲ့ မျက်ဝန်းတွေမှာပဲ ပျော်နေမိတော့
ရုပ်ဝတ္ထုတွေရဲ့အရေးပါမှုကိုလည်း ငါအမှုမဲ့အမှတ်မဲ့ပေါ့.....
ကျေးဇူးပြုပြီး ငါ့ကို ငနုံအဖြစ်နဲ့ ကြိုးစင်တင်ပါ...။

အခုတော့.....အဲဒီ ငနုံဟာ ရင်ဘတ်ဟောင်းလောင်းပေါက်နဲ့
စိတ်ကူးအတုတွေကို အရောင်ခြယ်၊
မီးခိုးရောင်မျှော်လင့်ချက်တွေနဲ့ အသက်ဆက်၊
အဆုံးမသတ်ရသေးတဲ့ သီချင်းကို ခပ်ပြင်းပြင်းညည်းရင်း
မင်းထားသွားခဲ့တဲ့ ဟောဒီနေရာမှာပဲ
မင်းကို စောင့်တဲ့ ကျောက်ရုပ်အဖြစ်နဲ့ မတုန်မလှုပ်
နေ့တိုင်းလိုလို ဒီကောင် ငုတ်တုတ်မေ့နေတယ်.....။

summer