Saturday, March 28, 2009

ပိတောက်တွေနဲ့ အောင်ဆန်းစုကြည်



ပိတောက်တွေနဲ့ အောင်ဆန်းစုကြည်

ကြည်အောင်၊ သစ်ကောင်းအိမ်

မတ် ၁၁၊ ၂၀၀၉

အောင်ဆန်းစုကြည်ရဲ့ခေတ်

ကြည်အောင်

မတ် ၁၁၊ ၂၀၀၉
အောင် နိမိန်ပန်း

ဆန်း ရဲ့သတ္တိ

စု မိပေါင်းရုံး

ကြည် ပြုံးရွှင်ပျော်

ခေတ် သစ်မျှော်စို့.......

ဟုတ်သမ

ကျုပ်နှမ

မုချ

အသက်ရာကျော် ရှည်မှာမို့ ...

ပိတောက်တွေ ဖွင့်မယ့် သော့

သစ်ကောင်းအိမ်

မတ် ၁၁၊ ၂၀၀၉

အဲဒီနှင်းဆီဟာ ပန်းအိုးထဲ
ထိုးစိုက်ထားတဲ့ နှင်းဆီမဟုတ်

သော့ခလောက် တလုံးထဲ

နှစ်ရှည်လများ စိုက်ပျိုးထားတဲ့ နှင်းဆီ

သူ့ဆူးရိုးတွေနဲ့ အဲဒီ့သော့ခလောက်ကို ထိုးဖွင့်

ပွင့်လင်း လူ့ဘောင်

အောင်ဆန်းစုကြည်
အာဇာနည်
ငါတို့ခေတ်ကို ရောက်ရမည်။



ကဗျာဆရာ ကြည်အောင် (ဖေဖော်ဝါရီ ၂၇ ရက်၊၁၉၃၇ - မတ်လ ၂၇ ရက်၊၂၀၀၉ ) ကွယ်လွန်
http://moemaka.blogspot.com မှကူးယူဖော်ပြပါသည်။

Friday, March 27, 2009

နေညိုရင်...



ဒီနေ့ တစ်နေ့လုံး ဆိုဖြစ်နေတဲ့ သီချင်းလေးပါ.... ဓါတ်ပုံလေးကိုတော့ http://strany.deviantart.com/art/It-Was-My-Sunset-116758721 ကနေ ယူထားပါတယ်။
"နာရီသံ ပုံမှန်လည်တာ ကြောက်ရွံလို့နေပြီ"
....ဆိုတဲ့ စာသားလေးကို အကြိုက်ဆုံးပဲ..။ကဲ.....ကူပြီးလွမ်းပေးကြဦးနော် =D



Nay nyo yin - linnith

လွမ်းရင်ဘာလို့ထားခဲ့သေးလဲ


"NEMO မရှိတော့ဘူး" ဆုံးသွားတာ တစ်ပတ်ရှိပြီတဲ့....။
အကိုက G-talk ကနေ လာချက်တယ်...ဘာမှ Reply မလုပ်ဖြစ်ဘူး။....
......................... ..................
ခဏနေတော့ သူကထပ်ချက်တယ်...."ညီမလေး၊ အကို့ကို စိတ်ဆိုးနေတာလား"
-"ဟင့်အင်း"
-"စိတ်ဆိုးတော့ရော သူကပြန်ရှင်လာမှာလား"
NEMO က ကျွန်မမွေးထားတဲ့ ခွေးလေးတွေထဲမှာ နောက်ဆုံးကျန်တဲ့ တစ်ကောင်..Orchid,Jasmine,Bingo ..ဆုံးသွားကြပြီ... Orchid က ကားတိုက်ခံရပြီး အောက်ပိုင်းသေသွားတယ်၊နောက်တော့ နည်းနည်းပြန်ကောင်းလာပြီး ၄နှစ်လောက်ထပ်နေလိုက်ရသေးတယ်။Orchid နဲ့ Jasmine က ညီအမ။Jasmine က Orchid ထက်အရင် ရောဂါနဲ့ဆုံးသွားတယ်။သူ့ထက်အရင်ဆုံးတာက Bingo။ကားတိုက်ခံရပြီး ပွဲချင်းပြီးဘဲ။

Bingo က အလိမ်မာဆုံး.. Nemo နဲ့ရွယ်တူ၊အားလုံးထဲမှာ အထီးဆိုလို့ Bingo တစ်ကောင်ပဲပါတယ်.. အအေးဆုံး၊ ကျွန်မနားကို အကပ်ဆုံး၊ ပြေးပြေးလွှားလွှားလည်းမရှိလို့....ကျန်တဲ့ ၂ကောင် (Ochid နဲ့ Jamisne)နဲ့လည်း မပေါင်းဘူး..ဟို ၂ကောင်က ချင်းခွေးမျိုးတွေလေ..သူနဲ့ အကောင်တော်တော်ကွာတယ်....အဲဒါနဲ့ ကြာရင် Bingo လေး ချိနဲ့သွားမှာစိုးလို့ Nemo ကို တာမွေက ခွေးရောင်းတဲ့ဆိုင်မှာ ၀ယ်လိုက်တယ်..Nemo ။

Nemo က သိပ်ရုပ်ဆိုးတာ..အမွှေးလည်းပါးတယ်..လှလည်းမလှ၊ ဆိုးလည်းတအားဆိုးတော့.. သူ့ကို ဆိုင်ရဲ့ ထောင့်မှာ တစ်ကောင်တည်း သက်သက်ထားထားတာ..သနားစရာကောင်းလို့ ၀ယ်လာဖြစ်တာ...အိမ်ရောက်တော့ သူက အကောင်အသေးဆုံး...အငယ်ဆုံး၊အစွာဆုံး....ကျန်တဲ့အကြီးကောင်တွေကိုတောင် သူကစွာတာ Bingo ကိုဆိုပြောမနေနဲ့တော့..Bingo ကျွန်မနားကပ်ရင် သူမနာလိုဘူး၊ တစ်ယောက်ယောက်က Bingo ကို ပွေ့ချီလိုက်ရင် မကျေနပ်ဘူး၊ ကျွန်မ အိမ်ကိုပြန်လာရင် သူကအရင်ဆုံး ကျွန်မပေါ်ပြေးတတ်လိုက်ရမှ ကျေနပ်တာ။ Bingo လည်း သူရောက်လာကတည်းက အရင်လို ခပ်ကုပ်ကုပ် ငြိမ်ငြိမ်လေးနေလို့မရတော့ဘူး.။
အိမ်က လူကြီးတွေကတော့ Nemo ကိုဆို တစ်စက်ကြည့်မရဘူး။"ခွေးပါးဝလို့" တဲ့လေ။ အကိုတွေ မောင်တွေကတော့ သူ့ကိုအတော်ချစ်တယ်။ စလို့ကောင်းပြီး ပြေးပြေးလွှားလွှား သိပ်ဆော့လို့..။ သိပ်လည်း လည်တယ်။ လူအရိပ်အကဲကို ကြည့်ပြီးနေတတ်တယ်။Bingo ကတော့ အဲလိုမဟုတ်ဘူး။ ငတုံး။
ဒါပေမဲ့ ကျွန်မ အိမ်ကနေ လေဆိပ်သွားမယ့်နေ့က သူတို့ ၄ ကောင်လုံး ငြိမ်လို့....ရန်တောင်မဖြစ်ကြဘူး..တည့်နေကြတာ.. တမနက်လုံး ကျွန်မ သွားတဲ့နောက် တကောက်ကောက်လိုက်နေကြတယ်..တန်းလန်းတန်းလန်းနဲ့..ကျွန်မလည်း ကိုယ့်ကိစ္စတွေနဲ့ကိုယ် ရှုပ်နေတော့ သူတို့ကို သိပ်ဂရုမစိုက်မိဘူး။ Bingo က ပိုဆိုးတယ်။ အနားကကို မခွာဘူး။ဘယ်သူဘာကျွေးကျွေး သွားမစားဘူး။ အထုပ်အပိုးပြင်တော့လည်း သူကအနားမှာပဲ။

ကားပေါ်တတ်ခါနီး သူ့ခေါင်းလေးကို ပွတ်တော့ သူက သိနေသလိုလို...။ နောက်........ကားပေါ်တတ်သွားတော့ မကြည့်မိတော့ဘူး။ ကားစထွက်လို့ အိမ်နဲ့ တော်တော်ဝေးဝေးရောက်လို့ လှည့်ကြည့်မိတော့ Bingo ရယ်...လျှာတန်းလန်းနဲ့ ကားနောက်ကို ပြေးလိုက်လာတာ....သူ့နောက်မှာ အိမ်က ကောင်မလေးက တုတ်တစ်ချောင်းနဲ့ သူ့ကိုလိုက်ဖမ်းလို့............ဒါပါပဲ...Bingo ကိုနောက်ဆုံးတွေ့လိုက်ရတာ.....။

နောက်တော့ အိမ်မှာ ကျွန်မ မရှိတော့..အဖွားက အလုပ်ရှုပ်တယ်ဆိုပြီး ခွေးတွေကို မွေးမယ့်သူရှိရင် ပေးပစ်မယ်ဆိုပြီး စီစဉ်တယ်.. အကောင်ကြီးနေပြီ ဖြစ်တဲ့ ORCHID နဲ့ Jasmine ကိုတော့ မပေးဘူးတဲ့။ ခြံလုံတယ် ဆိုပြီး ထားထားတယ်။ Bingo ကိုတော့ ဦးလေး အိမ်ကို ပို့လိုက်တယ်။သူတို့ က အရင်ထဲက Nemo ကိုကြည့်မရတော့ မယူဘူးလေ။ Nemo က အိမ်မှာပဲ ကျန်ခဲ့တယ်။ အဲနောက်ပိုင်း Bingo မရှိတော့ Nemo က တမှိုင်မှိုင်....
Bingo ကလည်း မြို့ထဲက အိမ်ခန်းကျဉ်းကျဉ်းမှာ...ပြေးဆော့စရာ နေရာမရှိ Nemo မရှိနဲ့ တမှိုင်မှိုင်....
နောက်တော့... ဦးလေး အိမ်က ပြန်တောင်းပြီး ၂ ကောင်လုံးကို မွေးနိုင်မယ့် အိမ်ပဲပေးမယ်ဆိုပြီး..အကို အိမ်ကိုပေးလိုက်တယ်... အကိုက Nemo ကိုချစ်တယ်.သူ့အဖေက Bingo ကို သိပ်ချစ်တယ်ဆိုပဲ။

၁ နှစ်လောက်ကြာတော့ Bingo လေး ကားတိုက်လို့ ဆုံးပြီတဲ့။ ပြီးတော့ Jasmine..ပြီးတော့ Orchid...
အခုနောက်ဆုံး Nemo ....။ သြော်....ငါလည်း ဘာမှမတတ်နိုင်ခဲ့ပါလား..... တစ်ခါတခါ "ငါ့ခွေးလေးတွေကို လွမ်းလိုက်တာဟယ်"လို့ သူငယ်ချင်းကို ပြောတော့ "လွမ်းရင် ဘာလို့ထားခဲ့သေးလဲ" တဲ့။
အင်း...ဟုတ်တယ်နော်...သူတို့လည်း စကားပြောတတ်ရင် သူပြောသလိုပဲ ပြန်ပြောမှာပဲ....။"လွမ်းရင်ဘာလို့ထားခဲ့သေးလဲ" လို့..................။

နင့်ကိုလည်း သိပ်လွမ်းတာပဲ...မြန်မာပြည်ကိုလည်း သိပ်လွမ်းတာပဲ လို့ ငါဆက်မပြောဖြစ်တော့ဘူး...။

၁၆.၀၃.၂၀၀၉

ဘာလိုလိုနဲ့ နောက်ထပ်တစ်နှစ်အသက်ကြီးသွားတဲ့နေ့တုန်းကပေါ့...
ဘာပဲဖြစ်ဖြစ် ဒီနှစ်တော့ မိသားစု စုံစုံလင်လင်နဲ့မွေးနေ့လုပ်ဖြစ်တယ်.ထွေထွေထူးထူးတော့ မဟုတ်ပါဘူး..Hot Pot နဲ့ အသားကင်ဆိုင်မှာ စားဖြစ်တယ်..ဒါပေမဲ့ ကိုယ်စုထားတဲ့ ပိုက်ဆံနဲ့ကျွေးရလို့ ပျော်တယ်။ပြီးတော့ အမှန်ပြောရရင် အဖေ အမေနဲ့အတူ (သိတတ်တဲ့အရွယ်ကစပြီး)မွေးနေ့လုပ်ဖူးတာ ပထမဆုံးပါ။ :) ကဲ မစားရ..အညှော်ခံ (အသားကင်တာ တော်တော်ညှော်ပါတယ်) အားပေးပါဦးနော်.. :D



ဒါကတော့ ပြုမိတဲ့ ကောင်းမှုပေါ့...ဘာပဲဖြစ်ဖြစ် ကြည်နူးပါတယ် :]


Thursday, March 26, 2009

မီးတောက်ရစ်သမ်

"အရမ်းကြိုက်မိတဲ့ ကဗျာလေးပါ..ဘယ်တော့ဖတ်ဖတ် မျောသွားအောင် စွဲဆောင်တယ်"
(၁)
အခုလို …
လှပအေးစက်နေတဲ့ညမှာပဲ
ငါ … ပျိုးထားတဲ့ မြနှင်းဆီဟာ …
ကြယ်တစ်ရာ ခြံရံပြီး ကြွေကျသွားခဲ့တယ်။

တိမ်လွှာမျဉ်းကောက်တွေကလည်း
ချစ်သူတစ်ယောက်ရဲ့ မီးအိပ်မက်မှာ
ရွှေမျက်ရည်တွေ စိုလက်လာပြီလို့
မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကို
တီးတိုးပြောကြားလိုက်တယ်။

“ချစ်ခြင်းမေတ္တာဟာ”… ဟာ
မှော်ဆရာတစ်ယောက်ရဲ့နိဂုံးလို
နောက်ဆုံးမှာ …
မီးခိုးလုံးများ ဖြစ်သွားရော့မလား…လို့
နှုတ်ခမ်းကိုက်ပြီး…ငါစဉ်းစားဖူးတယ်။

လူငယ်တစ်ယောက်ကို ပြုစားဖို့
ဘယ်နတ်ဘုရားထံမှာ
နင့်လက်တွေ ဖြန့်ကား တောင်းခံခဲ့သလဲ …
ငါ့ရာဇ၀င် ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်ချင်တယ်။
သံယောဇဉ်…ဆိုတာ
အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ …။

လောကဓံဦးတုန်းက …
အလွန်းအကြူး သောက်ခဲ့တဲ့ အရက်တစ်ခွက်
ခုမှ…စံပယ်ရွက်ပေါ်မူးလဲ…
အသည်းကွဲတယ်…ဆိုတာ
သီချင်းလေးတွေ တိုးတိုးညည်းရင်းက …
ထိရှခဲ့တဲ့…သွေးမဲ့ဒဏ်ရာ တစ်ချက်ပါ…
သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့
နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက
ငါ့ကို…ဆီးမိုးထားတယ်…။

စက်ရုပ်ကို ဒူးထောက်ကျစေတဲ့
နင့်ရဲ့…မျက်ဝန်းစိမ်းလဲ့မှာ…
ငါ…ဘယ်လိုမှ မေ့မရတဲ့
မဟာလကာင်္ တစ်ပိုင်းတစ်စ…ရှိနေလေရဲ့။

အဲဒီလိုနဲ့ပဲ
ငါ ပြန်လည် ချည်နှောင်ခဲ့ပါမယ်…
ချစ်သော..ဖဲကြိုးဝါကလေးရယ်…
(လက်နက်မပါဘဲ…
စစ်ဝင်္ကပါမှာ ငါ…မတိုက်ရဲဘူး…)
ညံ့တယ်လို့ပဲ…
လက်ညှိုးထိုးပြီး ပြောလိုက်ပါတော့…။

လျှပ်စစ်မျှင်တန်းလို…
ပူလင်းပြင်းထန်လွန်းတဲ့
သူရူးတစ်ယောက်ရဲ့ ပွေ့ဖက်မှုတွေထဲ…
ခု…ရထားတို့ ဥသြဆွဲလိုက်ကြပြီ…
“…ပြီးဆုံးသွားပါပြီ…
…အားလုံး ပြီးဆုံးသွားပါပြီ…”တဲ့။

(၂)
အရှေ့လေတွေတိုက်တုန်းက
ခါးကုန်းနေတဲ့ ငါတို့ရဲ့ မြရာပင်အိုကြီးဟာ
တုန်ယင်ချည့်နဲ့စွာ ယိမ်းထိုးနေတော့တယ် …။

ကျောင်းတော်ရဲ့ စည်းအပြင်
နှောင်းရိပ်တွေ တစ်လွင်လွင်နဲ့
ထင်ယောင်ထင်မှား
လမ်းပေါ်မှာ ငါစဉ်းစားတာ…
နင့်အကြောင်း ခေါင်းစဉ်များစွာပါပဲ။

ထိပ်ထားရယ်…
အီဂျစ် ပြက္ခဒိန်ထဲက
မိုးတိမ်တွေ ရွာမယ့်နေ့
နင်နဲ့ငါ ပြန်လည်ဆုံတွေ့ကြရင်
ဒီအကြောင်းတွေ ပြောပြချင်ပါသေးတယ်..။

ငါက ဆပ်ပြာပူဖောင်းကို ခိုစီးပြီး
မြင့်မိုရ်တောင်ကြီးနဲ့တိုက်မိမှာ
စိုးရိမ်ရှာသူ မဟုတ်ခဲ့…၊
ဒါပေမဲ့…
လေပွေလမ်းကြောင်းများမှ
တုန်ဝါးဖျော့အေး
“သစ္စာ”ကို ပဲ့တင်သံနဲ့ပဲ ပြန်ပေးနိုင်ခဲ့သူ…။

ငါ့ကိုသတ်…ငါ့ရင်ဘတ်ကို ထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ်…။

ဝိုင်ယာကြိုးတွေ
“ထောင်း”ခနဲ မီးပွင့်ပြတ်တောက်ပြီး
ရုတ်ချည်း မှောင်အတိကျသွားတဲ့
“အန္ဓ”တို့ရဲ့ အိမ်အိုမှာ…
တေလေပီသစွာ…ငါနေတယ်။

တိတ်ဆိတ်…ပြာလဲ့နေတဲ့ည…
ရေတွင်းထဲ ခေါင်းငုံပြီး…
“….”ကို ချစ်တယ်…လို့
ဘယ်ဆီဘယ်ဝယ်…ဟစ်အော် တမ်းတရတာ..
ဘာကြောင့်ပါလဲ…။

“အုံ့ပုံးချစ်” သီချင်းကို
မဆိုချင်ဘဲ ဆိုရတာ
ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို
ကိုက်မျိုရသလိုပါပဲ…လို့
အက်ကွဲနေတဲ့ မယ်ဒလင်ကြီးက…
ငါ့ကိုပြောပြတယ်။

အဲဒီလိုနဲ့…
မိုးကို ဆန့်မြှောက်ထားတဲ့
မမီနိုင်သော ကမ်းလက်တွေဟာ
ဟိုး…တုန်းကလိုပဲ
ငါ့ဆီမှာ…မြေမှုန်တွေ စွန်းထင်လျှက်ပါပဲလေ…။

(၃)
“လူဆိုတာ…
လင်းဝေစိမ်းမြတဲ့ ပန်းညများစွာထက်
သရဲခြောက်ရာ ညတစ်ညကို..ပိုသတိရတတ်တယ်”

ငါသေသွားခဲ့လို့ရှိရင်
ငါ့ရဲ့သင်္ချိုင်းဂူမှာ…
ကြက်ခြေခတ်တစ်ခုကိုသာ
မှတ်တိုင်အဖြစ် စိုက်ပေးထားပါ။
တကယ်တော့…အဲဒါဟာ
ငါသိသမျှ လောကဓမ္မကို
အကြွင်းမဲ့ ဖော်ပြသွားခြင်းပဲ ဖြစ်လိမ့်မယ်။

ဟိုးငယ်ငယ်…ကျောင်းမပြေးတတ်ခင်တုန်းက
ခရေပွင့်ပြထားတဲ့ သင်္ချာတစ်ပုဒ်
ငါ့အပေါ် ခုန်အုပ်ပြီး
မင်နီတွေ ရဲခနဲ့ သုတ်သွားဖူးတယ်။

ငါ…သတ္တိကောင်းကင်မှာ..နီလွင်ထစ်ချုန်း
တစ်…နှစ်…သုံး
အနက်ရှိုင်းဆုံး ထိုးကျပစ်လိုက်တယ်။
ထူးလှတယ်တော့လည်း မဟုတ်ပါဘူးလေ…

ကြောက်မက်ဖွယ်ရာ လူတွေရဲ့
မဟာဘုတ် ဗေဒင်ထဲမှာမှ
ငါကလည်း “အဓိပတိဘွား” ဖြစ်ချင်ခဲ့တာကိုး။

အိမ်အပြန် ညများစွာမှာ…
ဘယ်သူမှ မပြောချင်တဲ့စကားတွေ ပွေ့ပိုက်
ကိုယ့်ကိုယ်ကိုယ် “လူမိုက်”လို့ပြန်ခေါ်ခဲ့ရတယ်။

၁၉၉၃…၁၉၉၄…
ငါ့ကဗျာလေးတွေ ဆွေးမြေ့ကြေကွဲ
လမ်းဘေးအုတ်ခုံပေါ် လဲကျနေတယ်…။

နှင်းမြားတစ်လက်ရဲ့ အဆိပ်နဲ့
နိမိတ်မကောင်းတဲ့ပုံပြင်
မမြင်ဘူးသော နေ့များ…ညများ
ပိတောက်ပိုင်းဖျားမှာ…၀ပ်တွားစုရုံး
ငါ့ကို…ချည်ထုံးခဲ့တာ…
(ခု…အချိန်တိုင်အောင်…)
အလင်းစိမ်းတန်းတွေ ရစ်ဖွာလို့ကွယ်။

(၄)
မြို့ပြင်လမ်းကွေ့က
တွေ့ခဲ့ဖူးတဲ့ ဂျစ်ပဆီတွေလို
ဖြစ်ခဲ့သမျှကို
ရယ်ကာမောကာ ပြန်ပြောနိုင်တဲ့ အကျင့်လေး
သွေးအေးအေးနဲ့ ကြိုးစားမွေးနိုင်ခဲ့ပြီ။

ဘာပဲဖြစ်ဖြစ်
ကျောက်ခေတ်၊ကြေးခေတ်
နျူကလီးယား ကင်ဆာ၊ အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ ငါ့…ကြေညာချက်ကတော့
နင့်ကို ထာဝရ ချစ်နေမယ်ဆိုတာပါပဲ…။

ထိပ်ထားရယ်…
ဖြစ်နိုင်မယ်ဆိုရင်…
ဂန္ထ၀င် ပန်းပုရပုဒ်မှာ…
နန်းသုံးအက္ခရာနဲ့ ခြယ်မှုန်း
နင့်နာမည်လေး စာသုံးလုံးကို
စီရီသီကုံးပေးချင်တယ်…။

နင့်အပေါ်ထားတဲ့ ငါ့ရဲ့ချစ်ခြင်းမေတ္တာဟာ
မိုးပေါ်ကိုဦးမော့ပြီး
ဝင်းပစွာ လင်းမြတုန်ခါနေတဲ့
ရွှေဝါရောင် မီးတောက်မီးလျှံလိုပါပဲ…။

ကျောင်းရှေ့က စံပယ်ရုံမှာ
ဗီးနပ်စ်ရဲ့ နက္ခတ်တို့ တလက်လက် ပြာဝေမှုန်သင်း
ကျောင်းခန်းတွင်းမှာ…
လမင်းကလေး သာခဲ့ဖူးတယ်… …။

ချစ်သော ကျောင်းသွားဖော်ရဲ့
ပန်းရုပ်လွှာကို မျှော်တွေးရင်း
ဆွေးလျညှိုးခွေ ဖြေမပြေသူလေး အတ္ထုပ္ပတ္တိ
မြရာပင်ကြီး သိပါတယ်။

ကမ္ဘာဦးလူတို့လည်း (ဂူနံရံမှာ)
ငယ်ကျွမ်းမျက်နှာေ၀၀ါး
ပညာရှင်ကြီးများရယ်…
ပါဠိစာလုံးတွေနဲ့
ငါ့အပေါ် မဆုံးဖြတ်ပါနဲ့ဦး…။

“ချစ်သူကိုတောင်
ချစ်တယ်လို့ မပြောရဲတဲ့ကောင်…
ရာစုတစ်ထောင်နေရစ်ခဲ့…
ထိုသို့ဖြင့် စကားမဲ့စေသတည်း”

မြရာပင်ကြီးရဲ့
ညည်းတွားသဲ့သဲ့ သန်းခေါင်ယံ
ငှက်ဆိုးအုပ်နဲ့အတူ
ရုတ်တရက်လန့်ပျံသွားတယ်…။

ချို့တဲ့သော ကျောင်းသားဘဝ
ဆန္ဒရဲ့ မပြေလည်မှု
အနီရောင်မှတ်တမ်းတစ်ခုနဲ့ ချစ်သူအတွက် ပန်သစ္စာ
သြော်…ငါ့ကိုလေ…
နားလည်ပါ…နားလည်ပါ…
နားလည်စမ်းပါ…။

(၅)
အဲ့ဒီနေ့ရက်တွေမှာ
မာရ်နတ်ရဲ့ ဘယ်ဘက်လက်က
အနက်ရောင် ကျမ်းချပ်တစ်ပိုဒ်ဟာ
ငါ့ကို စီးနင်းတိုက်ခိုက်ဖို့
မြင်းကကြိုးတို့ကို ပြင်လို့“သ”လို့နေခဲ့ပေါ့။

ဘာပဲပြောပြော
ရွှေနဲ့စက်ဝယ်လို့ မရတဲ့
နောက်ဆုံးကလူရဲ့ အတွေ့အကြုံမှာ…
သံမှုန်တွေ ကပ်ပါနေရဲ့
ငါ…ဘာကိုမှ မကြောက်ခဲ့ဘူး။

ဟောဒီလောက တောက်လျှောက်
“ကျောက်သင်ပုန်းပေါ်က သုညနဲ့စာရင်
ဗလာစာအုပ်ပေါ်က သုညကမြတ်တယ်”တဲ့
အဲဒီအော်သံကို ငါရယ်နေခဲ့တယ်။

“မင်းကကော…ဘာလဲ” လို့
အနန္တတွေက ၀ိုင်းမေးတော့
၁…၂…၃…၄…၅…
ငါ…အကုန်စဉ်းစားတယ်
၆…၇…၈…၉…၀…
တစ်ခုမှမဟုတ်ဘူး
ငါ့အတွက် ဂဏန်းမရှိဘူး …။

သွေးနဲ့ယက်တဲ့ ကတ္တီပါစလို
နီလွရှင်းတောက်
ကြောက်ခမန်းလိလိ လှပတဲ့
နှလုံးသားက ဂီတသံစဉ်
နှင်းဆ၀ိညာဉ်မှာ တင်တဲ့ကမ္ဗည်း
လကွယ်ညရောက်တိုင်း…ငါ
ဂစ်တာတီးနေမယ်…။

ကျဆုံးတော့မဲ့ စစ်သူရဲအိုက
ငယ်ဘ၀က ဓားနဲ့ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမျိုး
နင့်ကို ငါသတိရနေတယ်။

ထိပ်ထားရေ…
ထိပ်ထားရေ…
ထိပ်ထားရေ…
သစ်ခုတ်သမားတွေ မရှိတဲ့တိုင်းပြည်မှာ
ငါ…လယ်သမား ဖြစ်ချင်တယ် …
နင်…ဘုရင်မ…လာမလုပ်ရဘူးနော်။

တော်တော်ကြာ…
တံစဉ်တစ်လက်ရဲ့ ကျင့်ဝတ်မှာ
သန်လျက်အတွက် ပန်းခူးပေးခွင့် မပါလို့…
ရွာဇနပုဒ်နဲ့ မိုးရေထဲ
ငါ…တစ်ယောက်တည်း
မျက်ရည်ဝဲနေရပါဦးမယ်…။

ငါကလည်း ခက်တယ်…
ကဗျာတစ်ပုဒ်နဲ့
နေမ၀င် အင်ပါယာ
ဘယ်ဟာယူမလဲလို့ မေးလာရင်
ဒုတိယအရာကို ငါ…ငြင်းတယ်…။

အဲဒီလိုနဲ့ပဲ
မှောက်ထားတဲ့
ငါ့ရဲ့ ကံကော်ရွက် ဖဲချပ်ကလေးတွေ
လောကကြီးကို အမျှဝေရင်း
ကာလများစွာ…ကြာပြီကောလေ…။

(၆)
တောင်ညိုမှာ ပျိုးတဲ့မိုးတွေ
နင့်မျက်နှာလုံးကို တိုးသက်တဲ့အခါ
တောင်ပင်လယ်က ဗေဒါတွေဟာ
ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ်။

ဟေး … ငါပြောမယ် …
… … အက်ဆစ်တိမ်ခိုး…တို့
မုတ်သုန်ကို နှိုးပါ
ဒီလူဆိုးအတွက်လည်း
မိုးကြမ်းတို့ တစ်စက်စက်ရွာပါ…။

“မထိုက်တန်သူဆိုတာ
လွင့်မျောရမှာပါပဲ…”
ခွဲခွာခြင်းဟာ …
ခရမ်းပြာကျည်ဖူးကို
အဆိပ်ချိုတွေ လိမ်းသုတ်
နှလုံးသား တည့်တည့်ဆီ
ချိန်ရွယ် မောင်းဖြုတ်လိုက်တယ် …။

သက်ပြင်းဝေေ၀
ခရေတို့ နှင်းစက်ဖားလျား
မျက်ရည်ကိုစားတဲ့
ချောက်ချားဖွယ် စကားမဲ့ည
ငါဟာ … ထက်ပိုင်းချိုးခံရတဲ့
တစ်ခြမ်းပဲ့ “လ”ပဲ ဖြစ်တယ်။

အိပ်မက်ထဲက ကမ္ဘာစစ်လို
အရိုးပြိုင်းပြိုင်းညနေအိုက…
မြေကိုရှိခိုး …
မြူခိုးတို့ ပျောင်းအိညွတ်တွဲ
လူငယ်ဘ၀ရဲ့
ညရိပ်တို့ မှုန်ေ၀၀မ်းနည်းခဲ့ရတယ်။

အခင်ဆုံး မဖြစ်ခဲ့ပေမဲ့
အခင်ဆုံးတွေအကြောင်း ပြောတိုင်း
သတိရမိနေကျ သူငယ်ချင်းတစ်ယောက်ဆီ
ငါ…မရောက်ရောက်အောင် သွားမယ်…။

ပြီးတော့…
ခရိုးခရိုင်…လက်ဖက်ရည်ဆိုင်လေးမှာ
ကဗျာအကြောင်း စာအကြောင်းတွေပြောရင်း
ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဖန်ဆင်းပစ်မယ်..ကွယ်။

အရက်သမားက
သူတစ်ပါးကို လွမ်းဆွတ်တာ
ရယ်စရာ မဟုတ်ပါဘူး
တစ်ရံတစ်ခါရဲ့
ပြန်မလာတဲ့သူတို့
သိကြဖို့ကောင်းတယ်…။

လေညင်းကလေးရေ…
ငါ ချစ်မြတ်ရတဲ့ ကမ္ဘာရဲ့ထိပ်ထားကို
သူ့ဆံနွယ်ခက်လေးတွေ
ဖွားခနဲ လွင့်ဝဲသွားရုံ
တစ်ချက်လောက် အုံ့သည်း တိုက်ခတ်ပေးပါ…။

လေစီးထဲမှာ
ဖွာကြဲလှပနေရှာမဲ့
သူ့ရဲ့ကေသာဆံမြကို
အဝေးကနေ…ရှိုက်မွှေး လွမ်းဆွတ်ပါရစေဦး နော်…။

(၇)
အထီးကျန်တောင်ကို အုပ်စိုးဖို့
နတ်ပြည်က ရွာချတဲ့
ငါ့အတွက်…အညတရမိုး…ရေ
နေပါစေတော့ …။

အဲဒီညဟာ
တစ်ခြမ်းပဲ့ “လ”က
အသက်ပေးပြီး ကာကွယ်ခဲ့ရတဲ့
အလံမလံမီ “ည”…ဖြစ်တယ်။

မြက်ရိုင်းက…
မိုးကုပ်စက်ဝိုင်းကို နမ်းမရသလိုမျိုး
နေနဲ့လက…
တစ်ယောက်ကိုတစ်ယောက် မပိုင်ဆိုင်နိုင်ကြသလိုမျိုး
ရိုးသားစွာ…တို့ဝေးလိုက်ကြပါစို့။

ချစ်သူကို မြတ်နိုးရုံနဲ့
အရာရာကို လက်ဖြန့် မိုးစောင့်ရှောက်ချင်တဲ့လူငယ်
ခု …ချွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ် …။

တေလေဘ၀ရဲ့
ပထမဆုရ အမှားတွေကို
လွယ်အိတ်ညိုထဲ ထည့်ပြီး
မီးအိမ်လက်ဆွဲ…
ရာဇ၀င်ထဲမှာ ခရီးဆက်ရဦးမယ်။

ထိပ်ထားရေ …
ကချေသည်တို့ရဲ့ တေးတွေနဲ့
ငြိမ်အေးပျော်ရွင် ထာဝစဉ် ချမ်းမြေ့စေသား …
ကောင်းသော မိုးသောက်ချိန်၌လည်း
ငြိမ်သက်တည်ကြည်စေ…
ငါ … ဆုတောင်းပေးနေမယ်…။

ပန်းခူးရင်း
သူငယ်ချင်းတွေနဲ့နေရင်း …
စကားပြောရင်း …
သီချင်းလေးတွေဆိုရင် …
မင်း …ငါ့ကို မေ့သွားမှာပါ …။

ခုတော့…သွားတော့နော်
ငါ ချစ်မြတ်ရတဲ့ နေရောင်ခြည်တွေနဲ့ မိန်းမပျိုကို
“ဘ၀” ဆိုတဲ့ မာယာနိုင်ငံအိုက …
စောင့်ကြိုလို့ နေရော့မယ် …
သာမည လမ်းခွဲမှာ …
ဝမ်းမနည်းသလို ငါတို့နှုတ်ဆက်
မနက်ဖြန်ခါမှာ … အောင်မြင်ပါစေ
မနက်ဖြန်ခါမှာ … အောင်မြင်ပါစေ
မနက်ဖြန်ခါတိုင်းမှာ … အောင်မြင်ပါစေ …
ထိပ်ထားရေ။

တာရာမင်းဝေ
"တစ်ခါတစ်လေ တိုက်ဆိုင်မှုတွေ ရှိလာတော့ ငါ...
အမှတ်တမဲ့ မင်းကို လွမ်းပါတယ်...."
အမှတ်တမဲ့ လွမ်းမိတုန်းလေး လုပ်ထားတဲ့ Video လေးပေါ့ =D ဓါတ်ပုံလေးတွေကတော့ http://www.deviantart.com က ယူထားပါတယ်..


စင်သီယာ..


... စင်သီယာ ၁ ...

ငါမငိုဖူး
ပြာပုံမှာလူးတဲ့ဘဝ
လွတ်မြောက်ရေး လမ်းစရှာတုန်း
မင်းအမုန်းကိုမေ့လို့
အငွေ့ပျံနေတဲ့မျက်ရည်
လေပွေနဲ့ သစ်ရွက်
ချွေးစက်တွေ ချွေရဦးမယ်
တကယ်ပါ စင်သီယာ
ငါမငိုဖူး ...
ပထမဆုံး မင်းအတွက်ငါ
သေခဲ့တာကြာပြီ
မကြွေနဲ့စင်သီယာ
ငါ ...

သျှပ်မှူးကျော်

... စင်သီယာ ၂ ...

ငါ့ကဗျာ ဘယ်မှာလဲ
မရဲတရဲ မေးခွန်း
တိုးတိတ်လွန်းမှာသိတယ်
နယ်မချဲ့မီနဲ့ ဝေဒနာ
ငါမနေတတ်ဖူး
အရူးတစ်ယောက်ရဲ့ လွမ်းချင်းကို
မင်းဘာကြောင့် နားထောင်ချင်တာလဲ
အသဲမှာစွဲတဲ့ မြှားချက်ဟာ
လူမသိဘဲ အသက်သေစေတယ်
နွေမှာဖြစ်တဲ့ မိုးတိမ်ဟာ
မုတ်သုန်မလာခင် အိပ်စက်ရဦးမယ်
မင်းရဲ့ နောက်ဆုံးရယ်မောသံမှာ
ငါသေခဲ့ပြီ စင်သီယာ
ငါ့ကဗျာဘယ်မှာလဲ။

သျှပ်မှူးကျော်

.. စင်သီယာ ၃ ...

ငါမပြောတော့ဖူး
မင်းဦးနှောက်နွံအိုင်တောမှာ
ဘောဂဗေဒဇယားချပ်တွေ
မျက်တောင်ခတ်တဲ့ကိန်းဂဏန်းတွေ
“ငွေ .. ငွေ .. ငွေ ” (မင်းတို့)
ဆိုနေကျ သီချင်းတစ်စမို့
ငါအလွတ်ရနေပြီ
ဒီအမှိုက်ပုံထဲ၊ ငါ့ကိုမဆွဲနဲ့စင်သီယာ ငါမလာနိုင်ဖူး
စူးစူးဝါးဝါးအော်ဟစ်
ချွေးမိုးအောက်နစ်ပါစေ
မင်းပြုံးနေ စင်သီယာ
ငါမပြောတော့ဖူး .. ။

သျှပ်မှူးကျော်

... စင်သီယာ ၄ ...

မင်းမညာနဲ့
ကွန်ပျူတာနှလုံးသားရှေ့
အသံမဲ့နေတဲ့ တိတ်တစ်ခွေ
မင်းငိုနေသလား .. အချစ်
အက်စစ်မျက်ရည်တွေပဲ
ငရဲဆန်လှတယ်
မင်းဘ၀ ... မင်းအသက်
မင်းဟာ စက်ရုပ်ပဲ
မင်းလုပ်သမျှ ဆန္ဒမဲ့တယ်
ယန္တယားရဲ့ လည်ပတ်မှုဖြစ်စဉ်မှာ
ငွေဟာ လောင်စာပဲ စင်သီယာ
မင်းမညာနဲ့ ... ။

သျှပ်မှူးကျော်

.. စင်သီယာ ၅ ...

မင်းကို ငါချစ်တယ်
ရာစုနှစ်ပေါင်များစွာမှာ
လူတွေဒါပဲ ပြောကြတယ်
ငါ့အတွက်စကား (၅) လုံး
မင်းအပြုံးက ၀ါးမြိုခဲ့
သရော်တဲ့ နှုတ်ခမ်းတွေ
“ချွင်” “ချွင်” မြည်နေတယ်
မြေကြီးသားဘ၀မှာ
အဇ္ဈတ္တိကမီးပုံကြောင့်
ငါ့ရင်အုံလူသတ်ကွင်းထဲ
သားရဲတွေအစာတောင်းပြီး
အသက်နဲ့အညီအမျှ ကျိန်ဆို
မိုးပြိုတယ် စင်သီယာ
မင်းကို ငါချစ်တယ်

သျှပ်မှူးကျော်






အချစ်ရေ........

နာလွန်းတဲ့ရင်
ကဗျာတွေနဲ့
ပြတ်စဲချင်ပြီတဲ့
အလိုလိုက်ခံရတဲ့ နှလုံးသားက
ကိုယ့် ယိုယွင်းဦးနှောက်ကို
အချစ်ရေ
အဲသလို ခြိမ်းခြောက်နေပြီ။

ပိုင်ဆိုင်ခဲ့ဖူးတဲ့
ခွန်အားတချို့
ပြန်ရဖို့တမ်းတလဲ
အချစ်ရေ....
အမြဲအနိုင်ရနေကျ နှလုံးသားက
ကိုယ့် ချိနဲ့ဦးနှောက်များကို
သနားဖို့ မတတ်နိုင်တော့ဘူး ထင်ပါရဲ့။

ဝက်ဝက်ကွဲပဲ
ငါနဲ့ ငါ့ပြိုင်ပွဲမှာ
ငါ့ကိုယ်ငါ ရှုံးနိမ့်ခဲ့ရတာနဲ့အမျှ
အချစ်ရေ.....
ငါ့အထဲမှာ မင်း ရှင်သန်လာတယ်။

မင်းခေါင်းစဉ်အောက်
ခြောက်သွေ့ဝိညာဉ်
သက်ငင်ယောင်ချာ
အချစ်ရေ......
အချစ်ရေ......
ဟိုဒီ လူးလာနေရှာခဲ့။ ။
မိကောက် (ခပ်ညံ့ညံ့ ကဗျာများ မှ)

အောက်မေ့ဖွယ်ရာ

အလွန်လှပပေမယ့်
အဓိပ္ပာယ် မပြည့်ဝလို့
ယူကြုံးမရ
စွန့်ပစ်လိုက်ရတဲ့ စကားလုံးတွေ။

ဖွင့်ဟခြင်းလက်နက်နဲ့
အခိုင်အမာ စောင့်ကြပ်ခဲ့တာတောင်
ဖိတ်ကျယိုစီး
ခုန်ပေါက်ပြီးထွက်လာ
ရင်ထဲက အကြောင်းအရာတွေ။

ကျွန်တော်နဲ့ ကျွန်မ
တစ်ထပ်တည်း ဖြစ်ချင်မှ ဖြစ်မယ်
ဆင်တူ ရှားပါးမဲ့ အဇ္ဈတ္တ
နားမလည်ရှာကြတော့
နှစ်ပြားတန်ပေါ့လို့
မေးငေါ့ကြတာတွေ။

အစကအဆုံး
တစ်ပုဒ်လုံးပြီးကာမှ
ယောင်ချာချာနဲ့
ခေါင်းစဉ်ရှာမရတဲ့အဖြစ်တွေ။

ဒီလိုနဲ့လေ
သက်တမ်းရဲ့ထက်ဝက်
နီးသထက်နီးလာ
အဆုံးမှာ
"ယောနိသော မနသီကာရ"
သူနဲ့သာ မေတ္တာမျှ
ဘ၀ဆိုတာ
ကဗျာတစ်ပုဒ်
အဟုတ်ကို အောက်မေ့ဖွယ်ရာ။ ။

မိကောက် (ခပ်ညံ့ညံ့ ကဗျာများ မှ)






ဝိရောဓိ

အခုအရွယ်ထိ စိတ်ကိုစိတ်က မနိုင်သေးဘူး.. မတ်လ ၁၆ ရက်လည်းကျော်သွားပြီ..အသက်လည်း ၁ နှစ်ထက်ကြီးပြန်ပြီ.. အဲဒီ စိတ်ဆိုတာကိုလည်း နားမလည်နိုင်လွန်းနေလွန်းလို့.. ဘယ်နေရာမှာများ ဒီစိတ်ကြီးနဲ့ ဒီခန္ဓာက အံဝင်ခွင်ကျအသုံးကျမလဲလို့.......
ကဲ...သွားချင်ရာသာသွားတော့ဟယ်...ငါလည်း နင့်လိုက်လိုက် ထိန်းရတာ ရူးချင်ချင်ဘဲ...ကဲ ..ပြောစမ်း..အဲ.....သွားစမ်း..ဘယ်ကိုလဲ........ ရန်ကုန် ကိုပဲမှတ်လား...ဒါပဲနင်တွေးနေပြန်ပြီ မှတ်လား... ငါစိတ်ညစ်တယ်နော်....အဲမှာ မီးမလာဘူးဟဲ့.. ဒါကို နင်သိရက်နဲ့.... နေပါဦး..အင်တာနက်
လည်းပျက်နေတယ် ပြောတယ်နော်....ဘာ!!! နင် သွားချင်သေးတယ် ဟတ်လား...နင် မမှတ်ဘူးလား ဟမ်! အဲဒါတွေ နင့်ကို ငါမုန်းတာပေါ့...တွေ့လား.... တွေ့လား....နင် ညစ်ပေပေနဲ့ ဆက်တွေးပြန်ပြီ...ဘုရားတချို့ရယ် ... မြေပြင်ပေါ်က မိုးနံ့လေးရယ်...လမ်းကျဉ်းကျဥ်းလေးရယ် ကော်ဖီဆိုင်ရယ်......စုတ်ပဲ့ပဲ့ ဘစ်(စ)ကားကြီးတွေ နဲ့ လူအမြဲစည်တဲ့ Show ပွဲတွေ အကြောင်း....အကြောင်း......
ဘာတွေသင်လို့သင်မှန်းမသိဘဲ...တမျှော်တခေါ်ကို သွားသွားတတ်ရတဲ့ နေပူကျဲတောက် ဒဂုံတက္ကသိုလ်ဆိုတာကြီးအကြောင်း.....
သွားသွားလာလာ ထိုင်ဖြစ်နေတဲ့ အဲဒီ့က ကန်တင်းစုတ်စုတ်လေးတွေက အကြောင်း... ... အသံဗလံတွေ အကြောင်း..... ဂစ်တာသံတွေအကြောင်း...မရေရာ ရင်ခုန်သံတွေအကြောင်း.... ရေတွေပက်တဲ့ အကြောင်း..... ပြန်မဆုံဖြစ်တဲ့အကြောင်း... ကိုယ့်သဘောနဲ့ကိုယ် ခပ်တည်တည်ပဲ တွေးနေလိုက်တော့လည်း... ဟု
တ်တိပတ်တိ ၃ နှစ်လောက်ကို ပြန်ငယ်သွားတယ်:P (ကောင်းလေစွ)
စိတ်ရေ....နင်ကိုက ပြန့်ကြဲချင်နေမှတော့ ငါလည်း လိုက်ကောက်မနေတော့ဘူး...ထင်တိုင်းကြဲ လိုက်စမ်း...
အခုရတဲ့ အရာတွေကို ဟိုတုန်းကလိုချင်ခဲ့လို့ ဟိုတုန်းက ရခဲ့တဲ့အရာတွေကို အခု တောင့်တနေရပြီ...... ငါ့အလွမ်းတွေနဲ့ချည်းပဲ တစ်ကားလုံးရိုက်ပြီး ခပ်တည်တည်နဲ့ စာတမ်းထိုးလိုက်တော့မှာလား..????

ချောင်းကြည့်ပေါက်များ...


သူ့အလို …
အထက် အဆိုပါအကြောင်းများအရ
တွေးဆချက်များမှာ
(၁)
“စကားလုံးများ”ဟာ “အတု”ဖြစ်ပြီး
“စိတ်”သည် “အစစ်အမှန်”ဖြစ်တယ် … တဲ့။
(၂) “ခြေထောက်တွေ”ဟာ “လမ်း”ဖြစ်ပြီး
“ငါ”သည် “ခရီးဆုံး” ဖြစ်တယ် … တဲ့။
(?)
ဆိုတော့ကာ
အဲဒီခြေထောက်အတုတွေနဲ့

အဲဒီ စကားလုံးတင်းကျမ်းပြည့်လမ်းကိုပဲ
စီးစီးပြီး သွားနေရတာ … တဲ့။

အဲဒီခရီးဆုံးမှ ရောက်ပါ့မလား
အဲဒီအစစ်အမှန်ရော ဟုတ်ပါ့မလား
အဲဒီစိတ်ကြီးကို ကုန်လွန်းလို့
အဲဒါ ငါကဖြင့် … တဲ့။

အင်း …
ပျင်းတယ်ဆိုတာကြီးပဲ
ကြိတ်မနိုင် ခဲမရ …
… … … ။ ။

ထူးအိမ်သင်

[ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ ၂၀၀၄ နိုဝင်ဘာလ ]

ဦးထုပ်ထဲကနွေ


လူမမာတစ်ယောက်လိုပါပဲ။
ကမ္ဘာကြီးရဲ့ လျှာအောက်က သာမိုမီတာထိပ်ဖျား . . .
ပြဒါးတွေ . . .
ပေါက်ထွက် လျှံကျလာတော့မတတ်
ကောင်းကင်ကြီး စုတ်ပြတ်သွားအောင် ပူတဲ့ “နွေ”

အပြင်မှာ ဖုန်မှုန်ဝါညစ်ညစ်၊ ပိုးလောက်လန်း ထူလပျစ်ထ၊
ခြောက်သွေ့ပွရှုပ်၊ သစ်ရွက်ကွဲစုတ် ဖုတ်ကပ်ပေလူး၊
စိတ်ကူးတွေ ဖြူဖတ်ဖြူရော်ဖြစ်။
အခန်းကျဉ်းလေးထဲ ညှီစို့ပူနွေး
လေအဟောင်းအဆွေးတွေ၊ ပိတ်ညပ်။
အ . . သက် . . ရှု . . ရ . . ကျပ် . . တယ်။

ငါရယ် . . .
ပုပ်ရိနေတဲ့ ငါ့အလောင်းရယ် . . ။
အင်း! ထိုင်နေဖို့ပဲကောင်းတဲ့ . . “နွေ”။

နွေဟာ
ရန်ကုန်နဲ့ မန္တလေးမြို့ကြီးနှစ်မြို့ကို
“ရုတ်တရက်” သုံးလက်မလောက် ပုဝင်သွားစေခဲ့။
ပြီးတော့မှ၊ . . . အပူဆန့်ကိန်း နိယာမနဲ့
ပျော်ကျပြန့်ထွက်၊ ပက်လက်ကြီးတွေ စီးဆင်းကြ . . . ။

ပြောပြစမ်းပါ
ငါ့သူငယ်ချင်းတွေ ဘယ်ရောက်နေကြပြီလဲ???

နွေဟာ
သူ့ဘောင်းဘီအိတ်ထဲ
ကြေကွဲခြင်းနဲ့ နောင်တတွေ အပြည့်အသိပ်ထည့်ယူပြီး
ငါ့အခန်းထဲ တိတ်တိတ်ကလေး ၀င်လာခဲ့
ဟေ့ . . ငါလှည့်ပြီး ဖမ်းလိုက်ရမလား။

ကောင်မလေးရေ . . .
တစ်ခုခု အယုယခံချင်နေတဲ့ နွေဥတုအဖို့
ငါတို့ ဘာများလုပ်ပေးရင် ကောင်းမလဲ . . . ?
. . . . . . . . .
တောက်! နည်းနည်းတော့ နောက်ကျသွား . . .၊
တကယ်ဆို အားနာပါးနာပဲဖြစ်ဖြစ်
မင်းနဲ့ ငါနဲ့ ချစ်ခဲ့ကြဖို့ကောင်းတာ . . .။
မင်းခိုက်စိုးစန်
* http://ideamagazine.blogspot.com က ကူးထားပါတယ်။

Wednesday, March 25, 2009

music of the day

အလွမ်း
ရေး - လင်းလင်း

ဒီအတိုင်းပဲ တစ်မြေစီ မမြင်နိုင်တဲ့ ဘဝတွေမှာ
ထင်ရာစိုင်း လျှောက်လှမ်းမယ်ဆို တို့တွေ ကြာရင် ဝေးသွားနိုင်တယ်
အရင်အတိုင်းပဲ ကြယ်တွေ မမြင်သာတဲ့ ညတွေဆို ငါ
ဘယ်သူများ ဖန်ဆင်းလေတဲ့ အိပ်မက်တွေ ဂယောင်ခြောက်ခြား မက်ကာရယ်
မင်း ... ပြန်ဖို့တောင် စဉ်းစားရ ခက်မယ်ဆို
မင်း ... ခဏလေး ပြန်တွေ့ကြဖို့ ခက်နေရင်
ကြာရင် အိပ်မက်ဆိုးတွေ မက်ကာ မိုးမြေလို ကွာဝေးနိုင်တယ်လေ / ကွယ်
မင်း ... ဒီအတိုင်း တို့အဖြစ်တို့ မေ့တော့မလား
ဒီအတိုင်း တို့အဖြစ်တို့ သွေးအေးထားမှာလား ငါ့စိတ်တွေ အလိုလို ထိုင်းမှိုင်းနေတယ်
မင်း ... ဒီအတိုင်း အလွယ်တကူ မေ့ပစ်တော့မလား
ဒီအတိုင်း တို့အဖြစ်တို့ သွေးအေးထားမှာလား ငါ့စိတ်တွေ အလိုလို ထိုင်းမှိုင်းနေတယ်
မင်း ... ပြန်လာဖို့ စဉ်းစားလို့ပေးပါကွယ်
ကြာရင် အိပ်မက်ဆိုးတွေ ကြားမှာ ငါ့ရဲ့ အသက် ရပ်တန့်လို့သွားနိုင်တယ်
ခေါ်သံများလား သန်းခေါင်ယံ အမှောင်ထုများ နောက်ကွယ်မှာ
နင်တစ်ယောက်များ ပြန်ခဲ့တာလား ငါ့မှာ မျှော်ကာ စိတ္တဇပါကွယ်
အာရုံများလည်း နွံရေတွေလို နောက်ကျိကာရယ်
နင်ပြုစား လူကို ရူးစေသလား ငါ့မှာ အိပ်မက်ဆိုးများစွာ အလယ်



Lay Phyu - BOB - Lay phyu

Dear the summer...



u always make me sick..
trouble...
worries....
tired....
n' u always make me change...
gimme Hope...
I dunno what u want from me....
i nvr understand wht ... of wht wht what???..
bt i luv u summer...i still luv n' luv u.....u are the season of mine..